ဧရာဝတီတိုင်း စည်ပင်သာယာရေး အဖွဲ့များက အသုံးပြုသည့် ကတ္တရာများမှာ အရည်အသွေး မမီကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်

ဧရာဝတီတိုင်း စည်ပင်သာယာရေး အဖွဲ့များက အသုံးပြုသည့် ကတ္တရာများမှာ အရည်အသွေး မမီကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်
Published 29 November 2016
မင်းသူဝင်းထွဋ်

ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့များက ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် မြို့တွင်းလမ်းများ ပြုပြင်ရန် လမ်းခင်းကတ္တရာများအား တင်ဒါခေါ်ယူပြီး အသုံးပြုရာတွင် ကတ္တရာများ၏ အရည်အသွေးမှာ မမီကြောင်း နယ်မြေကွင်းဆင်း လေ့လာခဲ့ကြသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ပြောကြားသည်။
စည်ပင်သာယာရေး အဖွဲ့များမှ မြို့နယ်အလိုက် အသုံးပြုရန် လမ်းခင်းကတ္တရာများအား တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့က တင်ဒါခေါ်ယူပေးခဲ့ခြင်းဖြစ်ပြီး မြို့နယ်များအလိုက် လိုအပ်သည့် ကတ္တရာများကို ပြန်လည် ဖြန့်ဖြူးပေးခြင်းဖြစ်ကြောင်း၊ မြို့တွင်း လမ်းခင်းရန်အတွက် ရောက်ရှိလာသော လမ်းခင်းကတ္တရာများမှာ ၈၀/၁၀၀ ဂရိတ်အီရန် ရှိသော်လည်း အရည်အသွေး လိုအပ်ချက်များ ရှိနေကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်ပြောကြားသည်။
“ကျွန်မကို ပြည်သူတွေက တိုင်တန်းမှုတွေရှိလို့ မြို့တွင်းလမ်းတွေမှာ လမ်းခင်းနေတာကို သွားစစ်ပါတယ်။ အဲဒီမှာ ကတ္တရာ အရည်အသွေးက တော်တော်လေး ညံ့နေတယ်။ ဆောက်လုပ်ရေးက သုံးနေတဲ့ ကတ္တရာ အရည်အသွေးနဲ့က ကွာခြားလွန်းနေတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်မက စည်ပင်ကိုမေးတော့ သူတို့က ဒါဟာ တိုင်းကနေ တင်ဒါခေါ်ပြီးတော့ ချထားပေးတာမို့ ကိုယ်တိုင်ဝယ်ယူရတာ မဟုတ်ဘူးလို့ ပြောပါတယ်။ စည်ပင် ဘတ်ဂျက်ကကျတော့ မြို့နယ်အလိုက်ဝင်ငွေတွေကိုပဲ ပြန်သုံးရတာဆိုတော့ ဝင်ငွေနည်းတဲ့ မြို့တွေအတွက်ပါ ပျမ်းမျှဝယ်ယူတာမို့ လိုအပ်ချက်တွေ ရှိတာလို့ ပြောတယ်။ ကျွန်မကတော့ ဖြစ်စေချင်တာက ကိုယ့်မြို့အတွက် အသုံးပြုမယ့် ပစ္စည်းကို ကိုယ့်မြို့ကပဲ ဝယ်ယူစေချင်တယ်။ ဒါမှ အရည်အသွေး လိုအပ်ချက်တွေ မရှိလာနိုင်မှာလို့ ထင်တယ်” ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာ ကော်မတီဥက္ကဋ္ဌ မြောင်းမြမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးက ပြောကြားသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်း အသုံးပြုရန် လမ်းခင်းကတ္တရာများ ဝယ်ယူရာတွင် အိတ်ဖွင့်တင်ဒါများအား တရားဝင် ကြေညာ၍ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး လာရောက် လျှောက်ထားသည့် ကုမ္ပဏီများ အနက်မှ စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်သော ကုမ္ပဏီအား ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီး တစ်ခုလုံးအတွက် ကတ္တရာတစ်တန်လျှင် ကျပ် ၃၈၅၀၀၀ ဖြင့် ကတ္တရာ တန်ချိန်ပေါင်း ၃၃၁ ဒသမ ၇ တန်အား ဝယ်ခဲ့ပြီးဖြစ်ကြောင်း တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
“လိုအပ်သလောက်ပဲ ဝယ်ယူခဲ့တာပေါ့၊ အခုနောက်ပိုင်းက မြို့တွေမှာ ကွန်ကရစ်လမ်းတွေက များလာတော့ ဝယ်ရတာ နည်းလာပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်က ပြောကြားသည်။  

Most Read

Most Recent