ပေါက်တောမြို့နယ်တွင် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးကို မုဒိမ်းကျင့်ရန် ကြိုးစားပြီး ကလေးငယ် တစ်ဦးကို အတင်းအဓမ္မ လိင်တူဆက်ဆံသူအား ဝိုင်းဝန်းဖမ်းဆီး

ပေါက်တောမြို့နယ်တွင် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးကို မုဒိမ်းကျင့်ရန် ကြိုးစားပြီး ကလေးငယ် တစ်ဦးကို အတင်းအဓမ္မ လိင်တူဆက်ဆံသူအား ဝိုင်းဝန်းဖမ်းဆီး
Published 29 November 2016
သန်းလှိုင် (စစ်တွေ)

ပေါက်တောမြို့နယ်အတွင်း အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးအား မုဒိမ်းကျင့်ရန် ကြိုးစားပြီး ကလေးငယ်တစ်ဦးအား အတင်းအဓမ္မ လိင်တူဆက်ဆံသူအား ကျေးရွာသားများက ဖမ်းဆီးကာ ပေါက်တောရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပေါက်တောမြို့နယ် င/မ ဗက်ချိုင်ကျေးရွာသို့ ရောက်ရှိသော လူစိမ်းတစ်ဦးက ဘုန်းတော်ကြီးကျောင်းတွင် ညအိပ်ပြီးနောက် နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းတွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်အား ချစ်ဟန်ဆောင်ပြီး ပွေ့ဖက်ကာ ကလေးငယ်၏ တစ်ကိုယ်လုံးကို ကိုင်တွယ် ပွတ်သပ်ခဲ့သည့်အပြင် သူ၏ကိုယ်ကိုလည်း ကိုင်တွယ်စေခဲ့သော်လည်း မ----မှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း၊ ယင်းနောက် ညအချိန်တွင် ကလေးငယ် တစ်ဦးအား ခေါ်ယူကာ အတူအိပ်ခိုင်းပြီး ယင်းကလေးငယ်အား လိင်တူချင်း အတင်းအဓ္မ ပြုကျင့်ခဲ့ကြောင်း ကလေးငယ်က ရွာသားမိဘများအား ပြောဆိုဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများက ဖမ်းဆီးကာ အဆိုပါ လူစိမ်းအား ပေါက်တော ရဲစခန်းသို့ နိုဝင်ဘာ ၂၉ ရက်တွင် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါလူစိမ်းမှာ စစ်တွေမြို့အနောက် စံပြရွာတွင် နေထိုင်သူဖြစ်ကြောင်းနှင့် အသက် ၅၁ နှစ်ခန့်ရှိသော မောင်ခင်ညွန့်ဆိုသူဖြစ်ကြောင်း သိရပြီး ခေါင်းတုံးတုံးကာ ဘုန်းကြီး ဟန်ဆောင်ပြီး သင်္ကန်းဝတ်ရုံထားသော ဘုန်းကြီးအတု ဖြစ်ကြောင်းလည်း ပေါက်တောရဲစခန်းမှ သိရှိရသည်။
“ဖမ်းဆီးပြီး ကျွန်တော်တို့ ရဲစခန်းကို လာပို့တာတော့မှန်တယ်။ သူ့အမည်က မောင်ခင်ညွန့်။ အသက်က ၅၀ ကျော်လောက်ရှိပြီ။ ဘုန်းကြီးဟန်ဆောင်ထားတဲ့ ဘုန်းကြီးအတုလို့ ဆရာတော်ကြီးတွေဆီက သိရတယ်။ ကလေးမလေးကို အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ ကလေးမလေးရဲ့ တစ်ကိုယ်လုံးကို ပွတ်သပ်ကိုင်တွယ်ပြီးနောက် သူ့ကိုယ်ကိုလည်း ကိုင်စေခဲ့တယ်။ အဲဒါကို ကျောင်းသားငယ် တစ်ယောက်က မြင်သွားလို့ သူလက်လျှော့လိုက်တဲ့ ပုံမျိုးပေါ့။ ဒါပေမဲ့ ညအချိန်မှာ ကျောင်းခြံထဲအတူ ခေါ်အိပ်တဲ့ ကလေးတစ်ယောက်ကို လိင်တူချင်း အတင်းအဓမ္မ ပြုကျင့်ခဲ့သေးတယ်လို့လည်း ရွာသားတွေရဲ့ ပြောပြချက်အရ သိရတယ်။ ကျွန်တော်တို့ အခုစစ်ဆေးနေတုန်းပဲ ရှိသေးတယ်။ အမှုမဖွင့်ရသေးဘူး။ တိုင်တန်းသူလည်း မပါဘူး။ ကလေးတွေလည်း ပါမလာဘူး။ အမှုဖွင့်ဖို့ ဆောင်ရွက်နေဆဲပါ။ နေ့လယ်ပိုင်းက ပေါက်တောကိုရောက်တော့ ဒေသခံတွေက သတ်ပစ်ဖို့တောင် ကြိုးစားကြသေးတယ်။ လူစုလူဝေး ဖြစ်ပေါ်သွားသေးတယ်။ လူသတ်မှု မဖြစ်အောင် အချိန်မီ တားလိုက်နိုင်တယ်” ဟု ပေါက်တောရဲစခန်းမှ ဒုရဲအုပ် သန်းဌေးက ပြောကြားသည်။
ပြစ်မှုကျူးလွန်သူဟု ဖမ်းဆီးခံထားရသူ မောင်ခင်ညွန့်အား ပေါက်တောမြို့သို့ စက်လှေဖြင့် ယူဆောင်လာစဉ် ဆိပ်ကမ်းတွင် မကျေမနပ် ဖြစ်နေကြသော ဒေသခံလူအုပ်က အသေသတ်ပစ်ရန် ပြောဆိုကာ ထိုးကြိတ်မှုများ ပြုလုပ်ခဲ့သည့်အတွက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များက အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ပြီး ယခုအခါတွင် ပေါက်တောရဲစခန်း၌ ချုပ်နှောင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။  

Most Read

Most Recent