မြစ်ကြီးနားမြို့၌ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးမှုအတွက် အပြစ်ရှိကြောင်း တပ်မတော်သားက ဝန်ခံဟုသိရ

မြစ်ကြီးနားမြို့၌ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးမှုအတွက် အပြစ်ရှိကြောင်း တပ်မတော်သားက ဝန်ခံဟုသိရ
Published 29 November 2016

မြစ်ကြီးနားမြို့၌ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား မောင်ဂွမ်ဆိုင်းအောင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့မှုနှင့် ပတ်သက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ စစ်ဆေးခဲ့ရာ တပ်မတော်သားက အပြစ်ရှိကြောင်း ဝန်ခံသည်ဟု ဂွမ်းဆိုင်းအောင် သေဆုံးမှု အမှုမှန် ပေါ်ပေါက်ရေးအဖွဲ့၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ စစ်ဆေးမှုကို နိုဝင်ဘာ ၂၉ ရက်က မြောက်ပိုင်းတိုင်းစစ်ဌာချုပ် အကျဉ်းစစ် တရားရုံးချုပ်တွင် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်သက်သေ ထွက်ဆိုချက်များကိုသာ ဖတ်ကြားခဲ့ကာ မည်သူ့ကိုမျှ စစ်ဆေးခြင်းမရှိဘဲ တပ်သားမောင်မောင်အား အပြစ်ရှိပါသလား မေးမြန်းရာတွင် တပ်သားမောင်မောင်က အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်ဟု တရားရုံး တက်ရောက်ခဲ့သူများက ပြောကြားသည်။
ဂွမ်ဆိုင်းအောင် သေဆုံးမှုနှင့် ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးဇော်ဂျတ်က “ကျွန်တော်တို့ဘက်က အမှုမှန် ပေါ်ပေါက်ရေးအဖွဲ့က ဓမ္မအမှုတော်ဆောင်တွေ၊ ရပ်မိရပ်ဖတွေ၊ ကလေးမိဘတွေပေါ့ ၁၆ ဦး တရားရုံးတက်ရပါတယ်။ တပ်သားမောင်မောင်ကိုတော့ တုပ်နှောင်မှုတွေ မရှိပေမယ့် အစောင့်နှစ်ယောက်နဲ့ တရားရုံးကို ရောက်လာပါတယ်။ တရားသူကြီးလည်း တပ်မတော်ဝတ်စုံ ယူနီဖောင်း အပြည့်နဲ့ပါ။ဘယ်သူ့ကိုမှ စစ်ဆေးတာ မရှိပါဘူး။ နှစ်ဖက်သက်သေတွေရဲ့ ထွက်ဆိုချက်တွေကို ဖတ်ပြပါတယ်။ တရားသူကြီးက နောက်ဆုံးမှာ တပ်သားမောင်မောင်ကို အပြစ်ရှိပါသလားဆိုပြီး မေးတယ်။ အပြစ်ရှိပါတယ်လို့ ဝန်ခံပါတယ်။ နောက်ရုံးချိန်းကိုတော့ လာမယ့် နှစ်ရက် သုံးရက်မှာအကြောင်း ကြားမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ကတော့ မျှမျှတတ ပွင့်ပွင့်လင်းလင်းဖြစ်ဖို့ မျှော်လင့်တာပါ” ဟု ပြောကြားသည်။
ယခုစစ်ဆေးချက်မှာ မောင်ဂွမ်ဆိုင်းအောင် သေဆုံးပြီးနောက် ငါးလကျော်အကြာတွင် ပထမဆုံးအကြိမ် စစ်ဘက်ဆိုင်ရာ တရားရုံးတွင် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
၂၀၁၆ ခုနှစ် ဇွန် ၂၀ ရက် ည ၉ နာရီခွဲခန့်တွင် တပ်ကြပ် နန်ဟီးခင်တန်နှင့် တပ်သား မောင်မောင်တို့သည် ဗလမင်းထင် တံတားဂိတ်၌ တာဝန်ကျနေပြီး မြစ်ကြီးနားမြို့ ရပ်ကွက်တစ်ခုမှ စုံတွဲနှစ်တွဲက ယင်းတို့ကို လိုက်လံနှောင့်ယှက်နေသည့် လူငယ်ခြောက်ဦးလောက် ရှိနေကြောင်း၊ မပြန်ရဲသည့်အတွက် ရပ်ကွက်အတွင်းသို့ လိုက်ပို့ပေးရန် အကူအညီတောင်းသဖြင့် လိုက်ပို့ခဲ့ရာ သီတာရပ်ကွက် သခင်နက်ဖေလမ်း (မနောကွင်းသွားရာလမ်း) နှင့် လမ်းသွယ်လေးလမ်းဆုံ အန်တီ ထွေးကွမ်းယာဆိုင် အနီးတွင် လူငယ်များက စောင့်ဆိုင်းကာ ထိုးကြိတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး သေနတ်ပစ်ခတ်မှု ဖြစ်ပွားကာ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားမောင်ဂွမ်ဆိုင်းအောင်၏ ယာဘက်နိုအုံမှ ဝဲဘက်ညှပ်ရိုးပေါ်သို့ ဖောက်ထွက်ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။
ဇွန် ၂၁ ရက်တွင် ၎င်း၏ အလောင်းကို မြစ်ကြီးနားဆေးရုံမှ နေအိမ်သို့ သယ်ဆောင်စဉ် ကျောင်းသား ၃၀၀ ကျော်က တရားမျှတစွာ စစ်ဆေးပေးရန် တောင်းဆိုမှု ဖြစ်ပွားခဲ့သည်။ မြစ်ကြီးနား ကျောင်းသားများသမဂ္ဂ အဖွဲ့နှင့် တက္ကသိုလ်ပေါင်းစုံမှ ယဉ်ကျေးမှု အဖွဲ့များနှင့် ကချင်တစ်မျိုးသားလုံးဆိုင်ရာ လူငယ်ကွန်ရက်က ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး အများပြည်သူ သိမြင်ကြားနာနိုင်သည့် ပွင့်လင်းမြင်သာစွာ တရားစီရင်ပေးရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
၎င်းနှင့်အတူပါလာသည့် သူငယ်ချင်း သုံးဦးမှာ အခင်းဖြစ်ပွားပြီး ရက် ၂၀ ကျော်ကြာ ဇူလိုင် ၁၁ ရက်တွင် ရဲစခန်းသို့ လာရောက်သက်သေ ထွက်ဆိုခဲ့ကြသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ထပရ (၇၂၇) မှ တပ်သားမောင်မောင် (တ/ ၅၁၁၅၆၈) အား မြစ်ကြီးနား မြို့မရဲစခန်းတွင် (ပ)အမှတ် ၁၁၄/၂၀၁၆ ပြစ်မှု ပုဒ်မ ၃၀၄ (လူသေမှု) ဖြင့် အရေးယူ ဆောင်ရွက်ခဲ့ပြီး တရားခံဖြစ်သူအား ဇွန် ၂၁ ရက်တွင် ထပရ (၇၂၇) သို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။ တရားစွဲဆိုနိုင်ရေးအတွက် စစ်ဆေးချက်များကို ခရိုင်တရားရုံးသို့ ၂၀၁၆ ခုနှစ် သြဂုတ် ၁ ရက်၌ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent