ကျောင်းထောက်ပံ့ကြေး လုပ်ငန်းများကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်နှင့် ထောက်ပံ့ကြေးအား အလွဲသုံးစားပြုလုပ်ပါက ထိရောက်စွာအရေးယူမည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောကြား

ကျောင်းထောက်ပံ့ကြေး လုပ်ငန်းများကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်နှင့် ထောက်ပံ့ကြေးအား အလွဲသုံးစားပြုလုပ်ပါက ထိရောက်စွာအရေးယူမည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောကြား
Published 29 November 2016
စိုးမင်းထိုက်

ကျောင်းထောက်ပံ့ကြေး လုပ်ငန်းများကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်နှင့် ထောက်ပံ့ကြေးများအား အလွဲသုံးစားပြုလုပ်ပါက ထိရောက်စွာ အရေးယူမည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားသည်။
နိုဝင်ဘာ ၂၉ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၂ မှ ဦးအောင်မျိုးက အခြေခံပညာကဏ္ဍတွင် ကျောင်းထောက်ပံ့ကြေး လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရာ၌ တိတိကျကျ လိုက်နာဆောင်ရွက်ရေးအတွက် အထူးစီမံကြပ်မတ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ကျောင်းထောက်ပံ့ကြေးများအား ကိုယ်ကျိုးရှာ အလွဲသုံးစားပြုလုပ်နေသည့် ကော်မတီဝင်များအား စုံစမ်းဖော်ထုတ်၍ ထိထိရောက်ရောက် အရေးယူအပြစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းချက်အား ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ကျောင်းထောက်ပံ့ကြေးတွေကို ကိုယ်ကျိုးရှာ အလွဲသုံးစားပြုနေသူတွေရှိရင် တိုင်ကြားမှု အရသော်လည်းကောင်း၊ မြို့နယ်အဆင့် စုံစမ်းဖော်ထုတ်သိရှိမှု များအရသော်လည်းကောင်း သိရှိပါက ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။
အခြေခံပညာကျောင်းများ အနေဖြင့် ကျောင်းထောက်ပံ့ကြေး ရန်ပုံငွေများကို သုံးစွဲရာတွင် အဖွဲ့အစည်းနှင့် လုပ်ဆောင်ရန်၊ ပွင့်လင်းမြင်သာအောင် သုံးစွဲရန်၊ တစ်ဦးတစ်ယောက်အတွက် သုံးစွဲရန်မဟုတ်ဘဲ ကျောင်းအတွက်သုံးစွဲရန်၊ ငွေစာရင်းခေါင်းစဉ်များကို မှန်ကန်စွာသုံးစွဲရန် ဖြစ်ကြောင်း၊ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့မည်ဆိုပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း၊ မြို့နယ်ပညာရေးမှူးများက လစာထုတ်ချိန်တွင် ရှင်းလင်းပြောကြားလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ငွေကြေးသုံးစွဲမှုတွေမှာ ပွင့်လင်းမြင်သာမှု ရှိ၊ မရှိ၊ မိဘဆရာအသင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါက ညွှန်ကြားချက်ထုတ်ကာ ပွင့်လင်းမြင်သာမှုရှိရေး အသိပေးရန်တို့ကို World Bank အဖွဲ့ဝင်တွေကလည်း ကြီးကြပ်လျက် ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
“စာသင်ကျောင်းတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနမှာ တာဝန်ရှိပါတယ်။ ဒီတာဝန်ရှိမှု အားလုံးကို ဆောင်ရွက်နိုင်ရန် လိုက်ဖက်ညီထွေမယ့် ဘတ်ဂျက်ငွေ လိုအပ်ပါတယ်။ ယခုနှစ် ရှေ့ပြေးလျာထားချက်အနေနဲ့ ကျွန်တော်တို့ လျာထားမှုသည် လေးပုံတစ်ပုံပြည့်မီခြင်း မရှိပါဘူး။၂၃ ရာခိုင်နှုန်းပဲ ရရှိနိုင်မယ့် အခြေအနေရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။                           

Most Read

Most Recent