ရန်ကုန်လေဆိပ်တွင် မသင်္ကာဖွယ်ရာ M-150 အချိုရည်ပုလင်းများကို စစ်ဆေးခဲ့ရာ ဒဏ်ကြေးလိမ်းဆေးအဆီများ ဖြစ်နေ

ရန်ကုန်လေဆိပ်တွင် မသင်္ကာဖွယ်ရာ M-150 အချိုရည်ပုလင်းများကို စစ်ဆေးခဲ့ရာ ဒဏ်ကြေးလိမ်းဆေးအဆီများ ဖြစ်နေ
Published 29 November 2016
အောင်မျိုးသန့်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီခွဲတွင် မသင်္ကာဖွယ်ရာ M-150 အချိုရည်ပုလင်းများကို စစ်ဆေးခဲ့ရာ ဒဏ်ကြေလိမ်းဆေး အဆီများ ဖြစ်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 1 Public Area ရှိ Check In Counter အနီး၌ ကြွပ်ကြွပ်အိတ် အစိမ်းရောင် တစ်လုံးကို မသင်္ကာဖွယ်တွေ့ရှိကြောင်း သတင်းပေးပို့ချက်အရ လေကြောင်းရဲတပ်ဖွဲ့နှင့် နယ်မြေခံတပ်မှ မိုင်းရှင်းလင်းရေးအဖွဲ့နှင့် တာဝန်ရှိသူများက သွားရောက်ရှင်းလင်းခဲ့ကြောင်း၊ ထိုသို့ ရှင်းလင်းစဉ် ကြွပ်ကြွပ်အိတ်အတွင်း၌ အဝါရောင်အရည်ပျစ်များ ထည့်ထားသည့် M-150 အချိုရည် လေးပုလင်းအား တွေ့ရှိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ M-150 အချိုရည် လေးပုလင်းအား လုံခြုံစိတ်ချရသည့် နေရာသို့ ရွှေ့ပြောင်း၍ စစ်ဆေးရာ အတွင်း၌ ပေါက်ကွဲစေတတ်သော ဓာတုပစ္စည်းပါရှိခြင်းမရှိဘဲ အတွင်း၌ ပါရှိသောအရည်မှာ ဖယောင်းနှင့် အဆီတို့ ရောစပ်ထားသော ဒဏ်ကြေလိမ်းဆေး အဆီများဖြစ်သည်ဟု ပဏာမစစ်ဆေးချက်အရ သိရကြောင်း၊ ၎င်းအချိုရည် လေးပုလင်းအား ဓာတုဗေဒဝန်ရုံးသို့ပေးပို့၍ အသေးစိတ် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
“နံနက် ၉ နာရီခွဲလောက်မှာ ဂိတ် ၃ ဝင်ပေါက်ရဲ့ Check In Counter မှာ လုံခြုံရေး ဝန်ထမ်းတွေက မသင်္ကာဖွယ်အထုပ်တွေ့လို့  သက်ဆိုင်ရာကို အကြောင်းကြားလိုက်တယ်။ အဲဒီနောက်  မိုင်းရှင်းလင်းရေးအဖွဲ့တွေ ရောက်လာပြီး စစ်ဆေးတဲ့အခါမှာ M-150 အချိုရည်ပုလင်းတွေကို တွေ့တယ်။ အဲဒီနောက်မှာ သက်ဆိုင်ရာတာဝန်ရှိသူက အဲဒီအချိုရည်ပုလင်းတွေကို လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းစစ်ဆေးခဲ့တယ်” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဂိတ် ၃ မှ တာဝန်ကျရဲ တပ်ဖွဲ့တစ်ဦးက ပြောကြားသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်း အဆောက်အအုံ၏ မြေညီထပ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့သွားသည့် စင်္ကြံလမ်းတွင် နိုဝင်ဘာ ၂၅ ရ က် ညနေ ၆ နာရီခန့်က အသေးစား ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူဟု ယူဆရသူသုံးဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်နည်းတူ နိုဝင်ဘာ ဒုတိယလဝက်အတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်သုံးခုတွင် ဆက်တိုက် ဆိုသလို ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီး ပထမအကြိမ်မှာ နိုဝင်ဘာ ၁၇ ရက် ညပိုင်းက မရမ်းကုန်းမြို့နယ်ရှိ Ocean Supermarket အတွင်း သန့်စင်ခန်းရှိ အမှိုက်ပုံးထဲတွင် တစ်ကြိမ်၊ အပြင်ဘက်  ကားရပ်နားရာနေရာတွင် တစ်ကြိမ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
ဒုတိယအကြိမ်မှာ နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းတွင် ဒေါပုံမြို့နယ် Capital  Hypermarket ပထမထပ်ရှိ ပလတ်စတစ်ပစ္စည်း အရောင်းခန်းမတွင် တစ်ကြိမ်၊ မြေညီထပ်ရှိ မုန့်အရောင်းခန်းမအတွင်း၌ နှစ်ကြိမ် အသီးသီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တတိယအကြိမ်အဖြစ် ဒဂုံတောင်မြို့နယ် (၆၄) ရပ်ကွက် ပြည်ထောင်စုလမ်းမကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး ပထမထပ်ရှိ သန့်စင်ခန်းအတွင်း၌ လည်းကောင်း၊ သန့်စင်ခန်း အပြင်ဘက်ရှိ အမှိုက်ပုံးတွင်လည်းကောင်း ဓာတုဗေဒပစ္စည်းများ ထည့်သွင်းထားသည့် M-150 အချိုရည် ပုလင်းများ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။               

Most Read

Most Recent