စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အမျိုးသားအဆင့် စီမံကိန်းများနှင့် အကောင်အထည်ဖော်မှုများတွင် သယံဇာတ အရင်းအမြစ်များ ရေရှည်တည်တံံ့ရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ထည့်သွင်းဆောင်ရွက်ရန် အရေးကြီးကြောင်း သမ္မတ ပြောကြား

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အမျိုးသားအဆင့် စီမံကိန်းများနှင့် အကောင်အထည်ဖော်မှုများတွင် သယံဇာတ အရင်းအမြစ်များ ရေရှည်တည်တံံ့ရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ထည့်သွင်းဆောင်ရွက်ရန် အရေးကြီးကြောင်း သမ္မတ ပြောကြား
Published 29 November 2016
နေရိုင်း၊ ကျော်မျိုး

နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အမျိုးသားအဆင့် စီမံကိန်းများနှင့် အကောင်အထည်ဖော်မှုများတွင် သယံဇာတ အရင်းအမြစ်များ ရေရှည်တည်တံ့စေရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးတို့ကို ထည့်သွင်းဆောင်ရွက်ရန် အလွန်အရေးကြီးကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားသည်။
“ဒီအသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်တွေအရ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အမျိုးသားအဆင့် စီမံကိန်းတွေနဲ့ အကောင်အထည်ဖော်မှုတွေမှာ သယံဇာတ အရင်းအမြစ် ရေရှည်တည်တံ့စေရေးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ စီမံခန့်ခွဲရေးတို့ကို ထည့်သွင်းပေါင်းစပ် ဆောင်ရွက်ဖို့ အလွန် အရေးကြီးပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားသည်။
နေပြည်တော်ရှိ MICC-2 တွင် နိုဝင်ဘာ ၂၉ ရက်က ပြုလုပ်သော အစိမ်းရောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်တွင် သမ္မတ ဦးထင်ကျော်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ အနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် အစိမ်းရောင် စီးပွားရေး ကူးပြောင်း ဆောင်ရွက်မှုအချို့အဖြစ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုရေးအတွက် ရည်မှန်းချက် ပန်းတိုင်များ ချမှတ်ခြင်း၊ စွမ်းအင်၊ ရေ၊ မြေနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းနှင့် အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် တိုးမြှင့်ဆောင်ရွက်ခြင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ပညာရေး မြှင့်တင်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတ ဦးထင်ကျော်က ပြောကြားသည်။
ထို့ပြင် စားသုံးမှုနှင့် ထုတ်လုပ်မှု ပုံစံဆိုင်ရာ အပြုအမူနှင့် အလေ့အကျင့်ကောင်းများသို့ ပြောင်းလဲခြင်း၊ စွန့်ပစ်ပစ္စည်းကို အရင်းအမြစ် တစ်ခုအဖြစ် အလေးထား စဉ်းစားရမည့် အခြေခံ သဘောတရားများ ပြောင်းလဲခြင်း၊ ဆန်းသစ်တီထွင် ဖန်တီးမှုများကို အထောက်အပံ့ ဖြစ်စေမည့် စီးပွားရေးဆိုင်ရာ မက်လုံးပေးမှုများနှင့် ဘဏ္ဍာရေးဆိုင်ရာ ယန္တရားများ ဖန်တီးခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သမ္မတက ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ရရှိရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင် ပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒနှင့် ပင်မလုပ်ငန်းစဉ် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်၊ အစိမ်းရောင် စီးပွားရေးဆိုင်ရာ မူဘောင်နှင့် စွန့်ပစ်ပစ္စည်းစီမံမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ရေးဆွဲလျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားသည်။
ကာဗွန်ထုတ်လွှတ်မှုနှင့် သန့်ရှင်းသော စွမ်းအင်စနစ်ဆီသို့ ကူးပြောင်းရေးကို နိုင်ငံတကာက အသိအမှတ် ပြုထားသည့်အတွက် အဓိကကျသည့် မူဝါဒနှင့် မဟာဗျူဟာ ကတိကဝတ်များအဖြစ် လိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

Most Read

Most Recent