ဧရာဝတီမြစ်ရေ ဆက်တိုက် ကျဆင်းလာသည့်အတွက် ပခုက္ကူမြို့အနီး မြစ်အတွင်း ကြီးမားကျယ်ပြန့်သည့် သဲသောင်ပြင်များ ပေါ်ထွန်းလာပြီး ကုန်ပို့မော်တော်များ စက်လှေငယ်များဖြင့် ရေကြောင်း စမ်းသပ်မောင်းနှင်နေရ

ဧရာဝတီမြစ်ရေ ဆက်တိုက် ကျဆင်းလာသည့်အတွက် ပခုက္ကူမြို့အနီး မြစ်အတွင်း ကြီးမားကျယ်ပြန့်သည့် သဲသောင်ပြင်များ ပေါ်ထွန်းလာပြီး ကုန်ပို့မော်တော်များ စက်လှေငယ်များဖြင့် ရေကြောင်း စမ်းသပ်မောင်းနှင်နေရ
Published 29 November 2016
သက်ထိန်ဝင်း

ယခု နိုဝင်ဘာလကုန်ပိုင်းတွင် ဧရာဝတီမြစ်ရေ ဆက်တိုက်ကျဆင်းလာသည့်အတွက် ပခုက္ကူမြို့အနီး မြစ်အတွင်း ကြီးမားကျယ်ပြန့်သည့် သဲသောင်ပြင်များ ပေါ်ထွန်းလာပြီး ကုန်ပို့မော်တော်များ စက်လှေငယ်များဖြင့် ရေကြောင်း စမ်းသပ်မောင်းနှင်နေရကြောင်း ရေယာဉ်မောင်းများထံမှ သိရသည်။
မြစ်ရေ ကျဆင်းလာသည့်အတွက် ရေဆူးအနက် တိမ်လာခြင်းကြောင့် ရေအောက်ရှိ ကျောက်ဆောင်နှင့် သစ်ငုတ်များ ပေါ်ထွန်းလာပြီး မြစ်ဝကျွန်းပေါ်ဒေသမှ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများသို့ ကုန်တင်ပို့သည့် မော်တော်များမှာ ယခင်ထက် ပိုမိုသတိပြု မောင်းနှင်လာရကြောင်း သိရသည်။
“ရေက ဆက်တိုက်ကျနေတယ်။ သောင်တွေက အရင်ကထက် များလာပြီ။ ရေကြောင်းကတော့ အတော်ပြောင်းသွားပြီ။ ဆီးပါး (ရေတိမ်နေရာ) ရှိတယ်လို့ သံသယရှိရင် စက်လှေတွေ စမ်းမောင်းတယ်။ သောင်မတင်နိုင်တဲ့ အခြေအနေရှိမှ မောင်းရဲတော့တယ်။ အရင်နှစ်က ပေါ်တဲ့နေရာမှာပဲ သောင်ပြန်ပေါ်တယ်။ သို့ပေမဲ့ ပိုကျယ်လာတယ်။ ညောင်ဦးဘက် သစ်ထောင်ရွာကြားနဲ့ ပခုက္ကူဘက်က တဲကုန်းရွာကြား သောင်ပြင်ဆိုရင် အတော်ကို ရှောင်မောင်းရတယ်။ တောင်ကနေ မြောက်ဘက်ဆီကို ကန့်လန့်ကြီး မောင်းရတယ်။ ပခုက္ကူ နယ်ဘက်ရောက်မှ အနောက်ကနေ အရှေ့ကို ပြန်ဆန်တက်ရတယ်။ သတိတော့ ပိုထားရတယ်” ဟု မြောင်းမြမြို့မှ ပခုက္ကူမြို့သို့ ဆန်လာရောက် ပို့ဆောင်သည့် မော်တော်ဆလင်ကြီး တစ်ဦးက ပြောကြားသည်။
ပခုက္ကူမြို့အနီးရှိ ကုန်တင်ကုန်ချ ပြုလုပ်သည့် မော်တော်ဆိပ်အနီးတွင်လည်း သဲသောင်ပေါ်ထွန်းမှု များလာသည့်အတွက် လာမည့် မော်တော်များ ဆိပ်ကမ်းတွင် ရပ်နားရန် နေရာအခက်အခဲများ ကြုံတွေ့လာကြောင်း သိရသည်။
မြစ်လယ်တွင် သဲသောင်များ ပေါ်ထွန်းလာခြင်းကြောင့် မော်တော်များမှာ ကျေးရွာများအနီး ကမ်းပါးခြေများမှ ခုတ်မောင်းနေရသည့်အတွက် ကမ်းပြိုမှုများ ဖြစ်ပေါ်နေကြောင်းလည်း မြစ်ကမ်းနံဘေး ကျေးရွာအနီး နေထိုင်သူများက ပြောကြားသည်။
“ရေလယ်မှာ သောင်ဖြစ်နေတာရော ညောင်ဦးဘက်ခြမ်းက ရေစီးကြောင်းက ရေတိမ်တာရောကြောင့် မော်တော်တွေက ပခုက္ကူ ဘက်ခြမ်း ကမ်းပါးခြေက မောင်းကြတယ်။ စက်မောင်းတွေ အရှိန်ကြောင့် ဖြစ်လာတဲ့ လှိုင်းတွေက ကမ်းပါးတွေ လာရိုက်တော့ ပြိုကုန်တာပေါ့။ သူတို့မှာလည်း ဒီရေကြောင်းပဲရှိတော့ မမောင်းနဲ့လို့ ပြောမရဘူး။ ဘေးကင်းတဲ့ ရေလမ်းကြောင်း ဖော်ပေးစေချင်တယ်” ဟု ကမ်းပြိုမှုကြောင့် နေအိမ်များ ရွှေ့ပြောင်းထားရသည့် ပခုက္ကူမြို့နယ် ကြတ်တန်းကုန်း ကျေးရွာမှ ကိုကျော်မင်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၅ နှစ် ရေနည်းကာလတွင် ပခုက္ကူဆိပ်ကမ်းအနီး သဲသောင်များ ပေါ်ထွန်းမှု များခဲ့သည့်အတွက် မော်တော်များ ဆိုက်ကပ်ရန် နေရာအခက်အခဲကြောင့် ညောင်ဦးမြို့နယ်ဘက်ခြမ်းသို့ ယာယီသွားရောက် ဆိုက်ကပ်ခဲ့ရသည်။ 

Most Read

Most Recent