ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ၂၄ နာရီအတွင်း မုန်တိုင်းငယ် အဖြစ်သို့ ပြောင်းလဲနိုင်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ၂၄ နာရီအတွင်း မုန်တိုင်းငယ် အဖြစ်သို့ ပြောင်းလဲနိုင်
Published 29 November 2016
ဆန်းထူးအောင်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲနိုင်ပြီး ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် အလယ်ပိုင်းဒေသနှင့် တောင်ပိုင်းဒေသများတွင် မိုးရွာသွန်းကာ အအေးပေါ့နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။
“မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲသွားရင် အိန္ဒိယနိုင်ငံ တောင်ပိုင်းကမ်းခြေကို မုန်တိုင်းငယ်အဖြစ်နဲ့ ဝင်သွားနိုင်တယ်။ ဒီဇင်ဘာ ၁ ရက်၊ ၂ ရက်လောက်မှာ ဝင်သွားနိုင်တယ်။ လောလောဆယ်တော့ လေဖိအားနည်းရပ်ဝန်း အဆင့်ပဲ ရှိသေးတယ်။ စောင့်တော့ စောင့်ကြည့်ရမယ်။ အဲဒီကနေ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် နေရာ အနှံ့အပြားမှာ မိုးအနည်းငယ်တော့ရမယ့် အနေအထားရှိတယ်” ဟု ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။
ထို့ပြင် လက်ရှိအချိန်တွင် ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံတွင် မိုးရွာသွန်းကာ ညအပူချိန်များ ပြန်လည်မြင့်တက်လာပြီး ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက်တွင်လည်း လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်မံဖြစ်ပေါ်နိုင်သဖြင့် ဒီဇင်ဘာ ၁၀ ရက်အထိ အအေးပေါ့နိုင်ကြောင်း သိရသည်။
“မိုးရနိုင်တဲ့ နေရာတွေက အဓိက,ကတော့ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မိုးရနိုင်တယ်။ မြောက်ပိုင်းဒေသတွေမှာလည်း မိုးအနည်းငယ် ရနိုင်တယ်။ မိုးရမှာ ဖြစ်တဲ့အတွက် ဒီရက်ပိုင်းတွေမှာ အအေးနည်းနည်း ပြန်ပေါ့သွားမယ်။ မိုးပြတ်သွားရင်တော့ ပြန်အေးလာနိုင်တယ်။ ပြီးတော့ ဒီဇင်ဘာ ၅ ရက်နဲ့ ၆ ရက်မှာလည်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်တဲ့အတွက် ဒီဇင်ဘာ ၁၀ ရက်လောက်အထိ အအေးပေါ့ နိုင်သေးတယ်။ ဖြစ်မလား၊ မဖြစ်လားဘူးလား ဆိုတာတော့ စောင့်ကြည့်ရမယ်။ မိုးပြတ်သွားပြီ ဆိုတာနဲ့ ပြန်အေးမှာဖြစ်တယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
နိုဝင်ဘာ ၂၈ ရက် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ မိုးလေဝသ ထုတ်ပြန်ချက်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။  

Most Read

Most Recent