ဝါဂွမ်းစက်ရုံ မီးလောင်မှု ဖြစ်စဉ်ကို စစ်ဆေးရာ စက်ရုံအတွင်း ကွမ်းဆေးစား အတုများ တွေ့ရှိ

ဝါဂွမ်းစက်ရုံ မီးလောင်မှု ဖြစ်စဉ်ကို စစ်ဆေးရာ စက်ရုံအတွင်း ကွမ်းဆေးစား အတုများ တွေ့ရှိ
Published 29 November 2016

ရွှေပြည်သာမြို့နယ်တွင် ဝါဂွမ်းစက်ရုံ မီးလောင်ကျွမ်းမှုအား သက်ဆိုင်ရာက စစ်ဆေးရာ စက်ရုံအတွင်း ကွမ်းစားဆေးအတုများ တွေ့ရှိခဲ့ကြောင်း နိုဝင်ဘာ ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
နိုဝင်ဘာ ၂၆ ရက် ညနေ ၃ နာရီကျော်တွင် ရွှေပြည်သာမြို့နယ် (၁) ရပ်ကွက်ရှိ ဝါဂွမ်းစက်ရုံရှိ ဂိုဒေါင် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက မီးလောင်ကျွမ်းရသည့် အကြောင်းရင်းအား စစ်ဆေးရာ အဆိုပါ ဂိုဒေါင်အတွင်း၌ နိုင်ငံခြား ကွမ်းစားဆေးထည့်သည့် ဘူးခွံများ တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံခြား ကွမ်းစားဆေးအတုများလည်း တွေ့ရှိခဲ့ပြီး မီးလောင်ကျွမ်းသည့် အကြောင်းရင်းမှာလည်း ကွမ်းစားဆေးအတုများအား ဘူးခွံများအတွင်းသို့ ထည့်သွင်းပြီး အဖုံးပိတ်စက်ဖြင့် အဖုံးပိတ်စဉ် ဝိုင်ယာရှော့ဖြစ်ကာ ဝါဂွမ်းများ သိုလှောင်သည့် နေရာသို့ မီးကူးစက်ရာမှ စတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းခဲ့သည့် ဂိုဒေါင်နှင့် အခြားဂိုဒေါင်များ အတွင်းမှ HALCHAL တံဆိပ်ပါ အဖုံးခွံတစ်အိတ်လျှင် ၂၅၀ ပါ ၅၅ အိတ်၊ PARIJAT (Queen) တံဆိပ်ဘူးခွံ တစ်အိတ်လျှင် ဘူး ၂၅၀ ပါ နှစ်အိတ်၊ HALCHAL တံဆိပ်ပါ ကတ်ထူစက္ကူ မီးလောင်ရေစိုလျက် ငါးအိတ်၊ မီးလောင်ထားသည့်ဘူးခွံ ၁၀၀၊ ဆာလာအိတ် ခြောက်အိတ်နှင့် နိုင်ငံခြား ကွမ်းစားဆေးဟု ယူဆရသည့် ၁၀ ဘူးပါ စက္ကူဖာ ခြောက်ဖာ၊ ရေစုပ်စက်တစ်လုံးတို့အား တွေ့ရှိခဲ့သဖြင့် ပိုင်ရှင်အား ပုဒ်မ ၄၂၀/ ၄၈၆ နှင့် ပုဒ်မ ၂၈၅ တို့ဖြင့် အမှုဖွင့်ထားသည်။

Most Read

Most Recent