ပုဂံငလျင်ကြောင့် ပျက်စီးခဲ့သည့် စေတီ၊ ပုထိုးပေါင်း ၃၈၉ ဆူအနက် ပထမနှင့် ဒုတိယဦးစားပေး ပြုပြင်ထိန်းသိမ်းမည့် ၈၉ ဆူအား ၂၀၁၇ ခုနှစ်မှသာ ပြုပြင်ရန် ယူနက်စကိုနှင့် ညှိနှိုင်းထား

ပုဂံငလျင်ကြောင့် ပျက်စီးခဲ့သည့် စေတီ၊ ပုထိုးပေါင်း ၃၈၉ ဆူအနက် ပထမနှင့် ဒုတိယဦးစားပေး ပြုပြင်ထိန်းသိမ်းမည့် ၈၉ ဆူအား ၂၀၁၇ ခုနှစ်မှသာ ပြုပြင်ရန် ယူနက်စကိုနှင့် ညှိနှိုင်းထား
Published 29 November 2016
မြတ်စုနိုင်

ပုဂံငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် စေတီ၊ ပုထိုးပေါင်း ၃၈၉ ဆူအနက် ပထမနှင့် ဒုတိယဦးစားပေး ပြုပြင်ထိန်းသိမ်းမည့် ၈၉ ဆူအား ၂၀၁၇ ခုနှစ်မှသာ ဆောင်ရွက်ရန် ယူနက်စကိုနှင့် ညှိနှိုင်းထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
ငလျင်လှုပ်ခတ်ပြီးသည့် ကာလမှစ၍ ယူနက်စကို၏ ပူးပေါင်းဆောင်ရွက်မှုနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက စစ်ဆေးခဲ့ရာ ထိခိုက်ပျက်စီးမှု ပမာဏနှင့် တန်ဖိုးပေါ်မူတည်၍ ပထမဦးစားပေး ၃၆ ဆူ၊ ဒုတိယ ဦးစားပေး ၅၃ ဆူနှင့် တတိယဦးစားပေး အဆူ ၃၀၀ ဟူ၍ ခွဲခြားသတ်မှတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်တွင်း၊ ပြည်ပပညာရှင်များ ပါဝင်သည့် International Expert Meeting ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပရန် စီစဉ်ထားပြီး အဆိုပါ အစည်းအဝေးမှ အကြံပြုချက်များနှင့် တစ်ဆူချင်း ထပ်မံစစ်ဆေး၍ အဆင့်ဆင့် ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယူနက်စကို၏ အကြံပြုချက်နှင့်အညီ မှတ်တမ်းတင်ခြင်း၊ စစ်ဆေးခြင်း၊ အရေးပေါ် ထိန်းသိမ်းမှုများ ဆောင်ရွက်ခြင်းနှင့် ကြံ့ခိုင်မှုအတွက် ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင် ထိန်းသိမ်းရန်အတွက် လုပ်ထုံးလုပ်နည်းများ ရေးဆွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနပင်လျှင် တတိယဦးစားပေး အဆူ ၃၀၀ အနက်မှ အသေးစား ထိခိုက်ပျက်စီးသည့် ဘုရား ၂၂၄ ဆူ ပြုပြင်ရန်အတွက် ဝန်ကြီးဌာနသို့ ကြိုတင်ခွင့်ပြုချက် တင်ပြ လျှောက်ထားဆဲဖြစ်ကြောင်း သိရသည်။
ငလျင်ဖြစ်ပွားပြီးနောက် ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ စေတီ၊ ပုထိုးများအား ပုဂ္ဂလိက အဖွဲ့အစည်းများ၊ ဂေါပကများ ပြုပြင်ခြင်းကို ခွင့်မပြုဘဲ နိုင်ငံတော်က ကြီးကြပ်၍ ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဂေါပကများသို့လည်း အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပထမဦးစားပေးနှင့် ဒုတိယ ဦးစားပေး ၈၉ ဆူတို့အား မည်သည့်အဖွဲ့အစည်းကိုမျှ ပြုပြင်ခွင့်ပြုမည် မဟုတ်ဘဲ ယူနက်စကိုနှင့် ပူးပေါင်း၍ ဌာနကသာ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent