တရားမဝင် ကုန်သွယ်မှုအများဆုံးဖြစ်သည့် မန္တလေး-မူဆယ်လမ်းကြောင်းတွင် တောရိုင်းတိရစ္ဆာန်များ တရားမဝင် ကူးသန်းရောင်းဝယ်မှုဆိုင်ရာ ဖမ်းဆီးမှုစီမံချက် စတင်

တရားမဝင် ကုန်သွယ်မှုအများဆုံးဖြစ်သည့် မန္တလေး-မူဆယ်လမ်းကြောင်းတွင် တောရိုင်းတိရစ္ဆာန်များ တရားမဝင် ကူးသန်းရောင်းဝယ်မှုဆိုင်ရာ ဖမ်းဆီးမှုစီမံချက် စတင်
Published 29 November 2016
အောင်ရဲကို

တရားမဝင်ကုန်သွယ်မှု အများဆုံးလမ်း ကြောင်းဖြစ်သည့် မန္တလေး-မူဆယ် လမ်းကြောင်းတွင် တောရိုင်းတိရစ္ဆာန်များ တရားမဝင် ကူးသန်းရောင်းဝယ်မှုဆိုင်ရာ ဖမ်းဆီးမှု စီမံချက်ကို စတင်လုပ်ကိုင်နေကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇောက“ ပွင့်လင်းရာသီမှာ တောရိုင်းတိရစ္ဆာန်နဲ့ ပတ်သက်တဲ့ တရားမဝင် ကုန်သွယ်မှုတွေက များလာနိုင်တဲ့အတွက် ဖမ်းဆီး၊ တားဆီးမှုတွေစီမံချက်နဲ့ ဆောင်ရွက်တာပါ” ဟုပြောကြားသည်။
အပင်များ၊ တောရိုင်း တိရစ္ဆာန်များနှင့် ယင်းတို့ အစိတ်အပိုင်းများ တရားမဝင်ကူး သန်းရောင်းဝယ်မှုဆိုင်ရာ စောင့်ကြည်လေ့လာမည့် စီမံကိန်းကို သစ်တောဦးစီးဌာနက မကြာခင်က မိတ်ဆက်မှုပြုလုပ်ခဲ့သည်။
တောရိုင်းတိရစ္ဆာန်များနှင့် ၎င်းတို့ အစိတ်အပိုင်းများအား အမဲလိုက်သတ်ဖြတ်ခြင်း၊ တရားမဝင် ကူးသန်းရောင်းဝယ်ခြင်းများကို မြန်မာနိုင်ငံအတွင်းတွင် သစ်တောဦးစီးဌာနနှင့် ဆက်စပ်ဌာနများ ပူးပေါင်းပြီး ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေပြီး နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အဆင့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ တရားမဝင်ကူးသန်းရောင်းဝယ် နေမှုများကို ဥပဒေအရထိရောက်စွာ တားဆီးနှိမ်နှင်းရေးအဖွဲ့က လုပ်ငန်းစီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း အစိုးရကထုတ်ပြန်ထားသည်။
တောရိုင်းတိရစ္ဆာန်များနှင့် ယင်းတို့၏အစိတ်အပိုင်းများသည် ကမ္ဘာပေါ်တွင် တတိယမြောက် အများဆုံး တရားမဝင်ရောင်းချနေကြောင်း၊ ရောင်းဝယ်မှု၏ ငွေကြေးလည်ပတ်မှုမှာ နှစ်စဉ် ဒေါ်လာ ၁၀ ဘီလျံခန့်ရှိကြောင်း သိရသည်။ အပင်များ၊ တောရိုင်း တိရစ္ဆာန်များကို တရားမဝင် ကူးသန်းရောင်းဝယ်မှု လုပ်ငန်းများ၏ လမ်းကြောင်းအတွင်း ရှိနေသောဒေသများတွင် မြန်မာနိုင်ငံပါဝင်ကြောင်း သိရသည်။

Most Read

Most Recent