စရိတ်ကုန်ကျမှု များပြားပြီး ရေရှည်တည်တံ့နိုင်မှုနှင့် ပြည့်စုံမှု မရှိသော မူဝါဒများ၊ စီမံကိန်းများကို ရှောင်ရှားရမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

စရိတ်ကုန်ကျမှု များပြားပြီး ရေရှည်တည်တံ့နိုင်မှုနှင့် ပြည့်စုံမှု မရှိသော မူဝါဒများ၊ စီမံကိန်းများကို ရှောင်ရှားရမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား
Published 29 November 2016
နေရိုင်း၊ ကျော်မျိုး

စရိတ်ကုန်ကျမှု များပြားပြီး ရေရှည် တည်တံ့နိုင်မှုနှင့် ပြည့်စုံမှုမရှိသော မူဝါဒများနှင့် စီမံကိန်းများကို ရှောင်ရှားရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ဆင်းရဲမှုလျှော့ချရန်နှင့် ငတ်မွတ်ခေါင်းပါးမှုကို တားဆီးရန်၊ ကလေးသူငယ်များ အာဟာရချို့တဲ့မှုနှင့် ဖွံ့ဖြိုးမှုနိမ့်ကျနေမှု ပပျောက်စေရန်၊ ဘေးကင်းလုံခြုံပြီး ကျန်းမာရေးနှင့် ညီညွှတ်သော အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာရန်၊ အရည်အသွေး ပြည့်မီသည့် ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပံ့ပိုးပေးနိုင်ရန်၊ သဘာ၀ ဘေးအန္တရာယ်များနှင့် အခြားသော ဦးစားပေး ကိစ္စရပ်များကို လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယင်းကဲ့သို့သော ဦစားပေး ကိစ္စရပ်များကို တုံ့ပြန်ဆောင်ရွက်ရာတွင် စရိတ်ကုန်ကျမှု များပြားပြီး ရေရှည်တည်တံ့မှုနှင့် ပြည့်စုံမှုမရှိသော မူဝါဒများကို ရှောင်ရှားရမည်ဟု သမ္မတဦးထင်ကျော်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ ဒီလိုမျိုး ဦးစားပေး ကိစ္စရပ်များ၊ စိန်ခေါ်မှုတွေကို တုံ့ပြန်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ အမျိုးသား စွမ်းဆောင်ရည်တွေကို မြှင့်တင် တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထူးခြားတဲ့ ပြောင်းလဲမှု ဦးတည်စေတဲ့ လမ်းကြောင်းနဲ့ ပေါင်းစည်း ဆောင်ရွက်ရမယ့် အခွင့်အလမ်းတွေကို ဖော်ထုတ်သတ်မှတ်ပြီး ရရှိတဲ့ အခွင့်အလမ်းတွေပေါ်မူတည် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ နေရာမှာ စရိတ်ကုန်ကျမှု များပြားပြီး ပြည့်စုံမှုမရှိတဲ့ မူဝါဒတွေနဲ့ စီမံကိန်းတွေကို ရှောင်ရှားရမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားသည်။
နေပြည်တော်ရှိ MICC-2 တွင် နိုဝင်ဘာ ၂၉ ရက်က ပြုလုပ်သော အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်တွင် သမ္မတ ဦးထင်ကျော်က အဖွင့်မိန့်ခွန်း ပြောကြားရာ၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်များအရ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အမျိုးသားအဆင့် စီမံကိန်းများနှင့် အကောင်အထည် ဖော်မှုများတွင် သယံဇာတ အရင်းအမြစ်များ ရေရှည်တည်တံ့စေရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးတို့ကို ထည့်သွင်းပေါင်းစပ် ဆောင်ရွက်ရန် အလွန်အရေးကြီးကြောင်း သမ္မတဦးထင်ကျော်က ပြောကြားသည်။
မြန်မာနိုင်ငံသည် လူသားနှင့် သဘာ၀ သယံဇာတ အရင်းအမြစ် ပေါများသည့် ဖွံ့ဖြိုးစနိုင်ငံတခု အနေဖြင့် ရေရှည်တည်တံကာ ခံနိုင်ရည်ရှိသော၊ အလုံးစုံပါဝင်ပြီး စနစ်ကျ ညီညွှတ်မျှတသည့် ပြုပြင်ပြောင်းလဲမှုများ အတွက် အလားအလာကောင်းများ ရှိနေကြောင်း သမ္မတက ဆက်လက်ပြောကြားသည်။ 

Most Read

Most Recent