နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၄၇ ကျပ်အထိ ပြန်လည်မြင့်တက်

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၄၇ ကျပ်အထိ ပြန်လည်မြင့်တက်
Published 25 November 2016
စည်သူအောင်

နိုင်ငံခြားငွေလဲနှုန်း လေးရက်ဆက်တိုက် ကျပ် ၁၃၄၀ ကျော်သို့ ရောက်ရှိနေပြီး ဒေါ်လာဈေး မာနေခြင်းကြောင့် နိုဝင်ဘာ ၂၅ ရက်၌ ၁၃၄၇ ကျပ်အထိ ပြန်လည်မြင့်တက်လာကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။
ကမ္ဘာ့ဈေးကွက်တွင် နိုဝင်ဘာ ၂၄ ရက် ၌ ဒေါ်လာဈေးနှုန်း စံချိန်တင် ညွှန်းကိန်းဖြစ်သည့် ၁၀၂ ဒသမ ၀၂ ပွိုင့်အထိ မြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၃ နာရီ၌ ၁၀၁ ဒသမ ၃၅ အထိ ပြန်လည် ကျဆင်းခဲ့သော်လည်း အမြင့်ဈေးဖြင့် ရပ်တည်နေခြင်းဖြစ်သည်။ အခြားကမ္ဘာ့ အဓိကငွေကြေးများနှင့် နှိုင်းယှဉ်ပါက ဒေါ်လာဈေး ဆက်မာနေပြီး နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၃ နာရီတွင် တစ်ယူရိုလျှင် ၁ ဒသမ ၀၆ ဒေါ်လာ၊ တစ်ပေါင်လျှင် ၁ ဒသမ ၂၄ ဒေါ်လာ၊ တစ်ဒေါ်လာလျှင် ၁၁၂ ဒသမ  ၆၆ ယန်း ပေါက်ဈေးရှိနေသည်။
ဒေါ်လာဈေး မာနေခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် နိုဝင်ဘာ ၁၀ ရက်နောက်ပိုင်း နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက်မြင့်တက်ခဲ့ရာ နိုဝင်ဘာ ၂၂ ရက်တွင် ကိုးနှစ်အတွင်း စံချိန်တင်နှုန်းထား ဖြစ်ပေါ်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၃ ရက်တွင် အနည်းငယ် ပြန်လည်ကျဆင်းခဲ့သည်။ နိုဝင်ဘာ ၁၀ ရက်တွင် ၁၂၉၃ ကျပ်သာရှိရာမှ နိုဝင်ဘာ ၁၁ ရက်တွင် ၁၂၉၉ ကျပ်၊ နိုဝင်ဘာ ၁၂ နှင့် ၁၃ ရက်တွင် ၁၃၀၂ ကျပ်၊ နိုဝင်ဘာ ၁၄ နှင့် ၁၅ ရက်တွင် ၁၃၀၄ -၁၃၀၆ ကျပ်ကြား၊ နိုဝင်ဘာ ၁၆ ရက်တွင် ကျပ် ၁၃၁၀ ဖြစ်ပေါ်ခဲ့သည်။
ထို့နောက် ဒေါ်လာဈေး ဆက်လက်မြင့်တက်ခဲ့ရာ နိုဝင်ဘာ ၁၇ ရက်တွင် ၁၃၁၆ ကျပ်၊ နိုဝင်ဘာ ၁၈ ရက်တွင် ၁၃၂၂ ကျပ်၊ နိုဝင်ဘာ ၁၉ ရက်တွင် ၁၃၂၃ ကျပ်၊ နိုဝင် ဘာ ၂၀ ရက်တွင် ၁၃၂၄ ကျပ်၊ နိုဝင်ဘာ ၂၁ ရက်တွင် ၁၃၃၈ ကျပ်၊ နိုဝင်ဘာ ၂၂ ရက်တွင် ၁၃၅၄ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။ နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ကျရိပ်ပြလာကာ ၁၃၄၇ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သော်လည်း ၁၃၅၃ ကျပ်အထိ မြင့်တက်ခဲ့ပြီးနောက် မွန်းလွဲ ၁ နာရီတွင် ကျပ် ၁၃၄၀ အထိ ကျဆင်းခဲ့သည်။ နိုဝင်ဘာ ၂၄ ရက်တွင် ကမ္ဘာ့ဈေးကွက်အတွင်း ဒေါ်လာတန်ဖိုး မြင့်တက်မှုကြောင့် ၁၃၄၅ ကျပ်အထိ မြင့်တက်လာခဲ့ပြီး နိုဝင်ဘာ ၂၅ ရက်တွင် ၁၃၄၅ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သော်လည်း ညနေပိုင်းတွင် ၁၃၄၇ ကျပ်အထိ ဆက်လက်မြင့်တက် ခဲ့ခြင်းဖြစ်သည်။
ပြင်ပဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း အနည်းငယ် မြင့်တက်ခဲ့သော်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ရည်ညွှန်းဈေးနှုန်းကို ဆက်လက်မမြှင့်တင်ဘဲ နိုဝင်ဘာ ၂၃ ရက် ဈေးအတိုင်းသာ ဆက်လက်ထားရှိခဲ့သည်။ နိုဝင်ဘာ ၁၆ ရက်မှ ၂၃ ရက်အတွင်း ဗဟိုဘဏ် ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းကို ခြောက်ရက်ဆက်တိုက် မြှင့်တင်ခဲ့ပြီး ရက်အလိုက် နှုန်းထားများမှာ နိုဝင်ဘာ ၁၆ ရက် တွင် ၁၂၈၇ ကျပ်၊ နိုဝင်ဘာ ၁၇ ရက်တွင် ကျပ် ၁၂၉၀၊ နိုဝင်ဘာ ၁၈ ရက်တွင် ၁၂၉၂ ကျပ်၊ နိုဝင်ဘာ ၂၁ ရက်တွင် ၁၂၉၅ ကျပ်၊ နိုဝင်ဘာ ၂၂ ရက်တွင် ကျပ် ၁၃၀၀၊ နိုဝင်ဘာ ၂၃ ရက် တွင် ၁၃၀၅ ကျပ်ဖြစ်ကာ နိုဝင်ဘာ ၂၅ ရက် တွင် ၁၃၀၅ ကျပ်အဖြစ် ဆက်လက် သတ်မှတ်ခဲ့သည်။                       

Most Read

Most Recent