ရန်ကုန်စတော့ အိတ်ချိန်းတွင် FMI ရှယ်ယာဈေးမှာ ယခင်အနိမ့်ဆုံးဖြစ်ခဲ့သည့် ရှယ်ယာတစ်စုကျပ် ၁၅၅၀၀ အထိ ပြန်လည် ကျဆင်းခဲ့ပြီး စတော့အိတ်ချိန်းတွင် ကုမ္ပဏီ သုံးခု၏ နိုဝင်ဘာလအတွင်း အရောင်းအဝယ် ဖြစ်မှုမှာ အောက်တိုဘာလထက် ထက်ဝက်ခန့် ကျဆင်းလာကာ လက်ရှိအချိန်အထိ ကျပ် နှစ်ဘီလျံခန့်သာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း နိုဝင်ဘာ ၂၅ ရက် ဈေးကွက် အရောင်းအဝယ် ဖြစ်မှုအရ သိရသည်။
ရန်ကုန်စတော့ အိတ်ချိန်းတွင် သီလဝါ ရှယ်ယာများကို ရှယ်ယာခွဲစိတ်မှုကြောင့် လူစိတ်ဝင်စားမှု များပြားလာပြီး ဈေးနှုန်းပြန်လည် မြင့်တက်လာသဖြင့် အောက်တိုဘာတွင် ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု ပြန်လည် မြင့်တက်လာခဲ့ပြီး ကျပ်လေးဘီလျံကျော်ဖိုးအထိ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါ အရောင်းအဝယ်ဖြစ်မှုမှာ ယာယီသာဖြစ်ခဲ့ပြီး နိုဝင်ဘာလအတွင်း ချက်ချင်းပြန်လည် ကျဆင်းခဲ့ခြင်းဖြစ်သည်။
ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင် သြဂုတ် ၂၆ ရက်မှစ၍ မြန်မာနိုင်ငံသားများဘဏ် ပါဝင်လာပြီး ကုမ္ပဏီသုံးခု ဖြစ်ခဲ့ကာ စက်တင်ဘာတွင် တစ်လလုံး အနေဖြင့် ကုမ္ပဏီသုံးခုက အရောင်းအဝယ် ပြုလုပ်ခဲ့သော်လည်း YSX စတင်ချိန်မှ ခုနစ်လအတွင်း ကျပ် ၂ ဒသမ ၄ ဘီလျံခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့ကာ ခုနစ်လအတွင်း အနည်းဆုံးအ ရောင်းအဝယ် ကျဆင်းမှုအဖြစ် အဆိုးဆုံး စံချိန်တင်ခဲ့သည်။
ထိုသို့ စံချိန်တင် ကျဆင်းနေရာမှ အောက်တိုဘာတွင် ပြန်လည်မြင့်တက် လာခဲ့သော်လည်း အရောင်းအဝယ် ပြုလုပ်ရန် သုံးရက်သာ ကျန်ခဲ့သည့် နိုဝင်ဘာတွင်မူ ကျပ်နှစ်ဘီလျံခန့်သာ အရောင်းအဝယ် ဖြစ်လာသည်အထိ ဆိုးရွားလာခဲ့ခြင်းဖြစ်ပြီး ကျန်သုံးရက်တွင် ကျပ်သိန်း ၄၀၀၀ ကျော်ဖိုး အရောင်းအဝယ်မရှိပါက နိုဝင်ဘာလသည် စတော့အိတ်ချိန်း စတင်ဖွင့်လှစ်သည့် ကိုးလအတွင်း ရှယ်ယာအရောင်းအဝယ်ဖြစ်မှု အနည်းဆုံးအဖြစ် စံချိန်တင်မည်ဖြစ်သည်။
FMI ရှယ်ယာသည် နိုဝင်ဘာ ၂၄ ရက် အထိ ရက်အများစုမှာ ကျပ် ၁၆၅၀၀ ဖြင့် ရှိနေခဲ့သော်လည်း နိုဝင်ဘာ ၂၅ ရက်တွင် ရှယ်ယာတစ်စု ကျပ် ၁၅၅၀၀ အထိ ကျဆင်းခဲ့ပြီး အဆိုပါ ဈေးနှုန်းမှာ FMI ရှယ်ယာ၏ အနိမ့်ဆုံးဈေးနှုန်း ဖြစ်ခဲ့သည်။ နိုဝင်ဘာ ၂၅ ရက် အဖွင့်ဈေးတွင် ရှယ်ယာတစ်စု ကျပ် ၁၅၅၀၀ အထိ ကျဆင်းခဲ့သော်လည်း နေ့လယ်ဈေးတွင်မူ ကျပ် ၁၆၀၀၀ သို့ ပြန်လည်ရောက်ရှိခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်းရှိ ရှယ်ယာများအနက် စိတ်ဝင်စားမှု အနည်းဆုံး မြန်မာနိုင်ငံသားများဘဏ်၏ MCB ရှယ်ယာသည် တစ်နေ့တာ အရောင်းအဝယ်ဖြစ်မှု သုညအထိ ကျဆင်းခဲ့သည့် နိုဝင်ဘာ ၂၁ ရက် နောက်ပိုင်း နိုဝင်ဘာ ၂၅ ရက် အဖွင့်ဈေးတွင်လည်း ရှယ်ယာအရောင်းအဝယ်ဖြစ်မှု သုညသာရှိပြီး အပိတ်ဈေးတွင်မူ ရှယ်ယာတစ်စု ကျပ် ၉၃၀၀ ဖြင့် ၁၉၉ စု အရောင်းအဝယ်ဖြစ်ခဲ့ သည်။ သီလဝါရှယ်ယာသည်မူ အဖွင့်ဈေးတွင် ကျပ် ၄၆၀၀၊ အပိတ်ဈေးတွင် ကျပ် ၄၇၀၀ ဖြင့် အစုပေါင်း ၁၀၉၅၈ စု အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်စတော့ အိတ်ချိန်းတွင် လစဉ်ရှယ်ယာ အရောင်းအဝယ် ဖြစ်ပေါ်နေမှုမှာ မတ်တွင် ကျပ် ၂၄ ဘီလျံကျော်၊ ဧပြီတွင် FMI ကုမ္ပဏီ တစ်ခုတည်းမှ ကျပ်ငါးဘီလျံကျော်၊ မေ ၂၀ ရက်တွင် သီလဝါရှယ်ယာ စတင် ရောင်းချခဲ့ပြီး ကုမ္ပဏီနှစ်ခု ဖြစ်လာခဲ့၍ ကျပ် ၁၆ ဘီလျံကျော်၊ ဇွန်တွင် ကျပ်ခြောက်ဘီလျံကျော်၊ ဇူလိုင်တွင် ကျပ် ၃ ဒသမ ၇ ဘီလျံကျော်နှင့် သြဂုတ်၂၆ ရက်တွင် မြန်မာနိုင်ငံသားများဘဏ် ပါဝင်လာသော်လည်း ကုမ္ပဏီသုံးခုမှ ကျပ် ၂ ဒသမ ၉ ဘီလျံကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး စက်တင်ဘာတွင်လည်း ကျပ် ၂ ဒသမ ၄ ဘီလျံကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ကာ အနည်းဆုံး အရောင်းအဝယ် ဖြစ်မှုအဖြစ် စံချိန်တင်ခဲ့သည်။ ထိုသို့ စံချိန်တင် ကျဆင်းနေရာမှ အောက်တိုဘာတွင် သီလဝါရှယ်ယာများကို ရှယ်ယာခွဲစိတ်မှုကြောင့် လူစိတ်ဝင်စားမှု များပြားလာပြီး ဈေးနှုန်းပြန်လည် မြင့်တက်လာသဖြင့် အောက်တိုဘာတွင် ရန်ကုန်စတော့ အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု ပြန်လည်မြင့်တက်လာခဲ့ပြီး ကျပ်လေးဘီလျံကျော်ဖိုးအထိ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်စတော့ အိတ်ချိန်းမှ လအလိုက် ထုတ်ပြန်သည့် အရောင်းအဝယ်ဖြစ်မှု အခြေအနေများအရ သိရသည်။










