မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် နိုင်ငံပေါင်း ရှစ်နိုင်ငံက ဒေါ်လာ ၂၁၇ သန်းကျော်သာ ဝင်ရောက် မြှုပ်နှံထားပြီး မလေးရှားနိုင်ငံက ဒေါ်လာ ၇၆ သန်းကျော်ဖြင့် အများဆုံးဖြစ်

မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် နိုင်ငံပေါင်း ရှစ်နိုင်ငံက ဒေါ်လာ ၂၁၇ သန်းကျော်သာ ဝင်ရောက် မြှုပ်နှံထားပြီး မလေးရှားနိုင်ငံက ဒေါ်လာ ၇၆ သန်းကျော်ဖြင့် အများဆုံးဖြစ်
Published 24 November 2016
နီလာ

မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် နှစ်ပေါင်း ၂၉ နှစ်နီးပါးအတွင်း နိုင်ငံပေါင်းရှစ်နိုင်ငံက ဒေါ်လာ ၂၁၇ သန်း ကျော် ဝင်ရောက်မြှုပ်နှံထားပြီး မလေးရှား နိုင်ငံက ဒေါ်လာ ၇၆ သန်းကျော်ဖြင့် အများဆုံး ဝင်ရောက် မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အောက်တိုဘာ လကုန်အထိ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် မလေးရှားနိုင်ငံက ဒေါ်လာ ၇၆ ဒသမ ၇၅၀ သန်း အများဆုံး ဝင်ရောက်မြှုပ်နှံ ထားခြင်းဖြစ်သည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အောက်တိုဘာ လကုန်အထိ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် နိုင်ငံအလိုက် ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေမှု ပမာဏမှာ တရုတ်နိုင်ငံက ဒေါ်လာ ၂ ဒသမ ၆ သန်း၊ စင်ကာပူနိုင်ငံက ဒေါ်လာ ၁၈ ဒသမ ၆၇၀ သန်း၊ ကိုရီးယားနိုင်ငံက ၆၇ ဒသမ ၁၅၀ သန်း၊ ထိုင်းနိုင်ငံက ၂၂ ဒသမ ၆၈၄ သန်း၊ မလေးရှားနိုင်ငံက ၇၆ ဒသမ ၇၅၀ သန်း၊ ပြင်သစ်နိုင်ငံက ၅ ဒသမ ၃၆၀ သန်း၊ အိန္ဒိယနိုင်ငံက ဒေါ်လာ ၄ ဒသမ ၅ သန်း၊ ဂျပန်နိုင်ငံက ဒေါ်လာသန်း၂၀ ကျော် ဝင်ရောက်မြှုပ်နှံ ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် မြေနှင့်ပတ်သက်သည့် မူဝါဒများ ရှင်းလင်းပြတ်သားမှု မရှိခြင်း၊ ရာသီ ဥတုအပေါ် အမှီပြုပြီး စွန့်စားလုပ်ကိုင်ရမှုများခြင်းကြောင့် လယ်ယာကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လုပ်ကိုင်မှု နည်းနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။
“လယ်ယာကဏ္ဍက ရာသီဥတုအပေါ် မူတည်ပြီးတော့ စွန့်စားရတဲ့ ကိစ္စပိုများလို့ သာမန်အားဖြင့် Investment နည်းတဲ့အပိုင်းမှာ ရှိနေပါတယ်။ အခုလာမယ့် ဥပဒေသစ် ပေါ်လာပြီးတဲ့ အချိန်မှာ ဒါနဲ့ပတ်သက်ပြီး ဝင်အောင်၊ ဒီထက်ပိုကောင်းတဲ့ အခြေအနေ ရှိလာအောင် ဆက်ပြီးပြင်ဆင် ဆောင်ရွက်ဖို့ ရှိပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍသည် နိုင်ငံသားအများစု မှီခိုနေရသည့် ကဏ္ဍဖြစ်သည့် အတွက် အလေးအနက်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင် ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အောက်တိုဘာ လကုန်အထိ ကဏ္ဍအလိုက် ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသည့် အခြေအနေကို လေ့လာကြည့်ပါက ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ၂၈၇ ဒသမ ၁၀၀ သန်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းကဏ္ဍတွင် ၆၆၂ ဒသမ ၈၈၇ သန်းဝင်ရောက် မြှုပ်နှံထားပြီး မလေးရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများအနက် အများဆုံး မြှုပ်နှံထားသည့် ကဏ္ဍဖြစ်သည်။
ထို့ပြင် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၂၅၃ ဒသမ ၂၀၂ သန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍတွင် ဒေါ်လာ ၈ ဒသမ ၁၃၆ သန်း၊ အိမ်ခြံမြေ ကဏ္ဍတွင် ဒေါ်လာ ၁၅ သန်း၊ မွေး/ရေ ကဏ္ဍတွင် ဒေါ်လာသန်း ၂၀ ကျော်နှင့် လယ်ယာ စိုက်ပျိုးရေး ကဏ္ဍတွင် ဒေါ်လာ ၇၆ ဒသမ ၇၅၀ သန်း ဝင်ရောက် မြှုပ်နှံထားသည်။ 

Most Read

Most Recent