နိုဝင်ဘာ ၂၃ ရက်၌ ပြည်တွင်းဈေးကွက်အတွင်း ဒေါ်လာဈေး ၁၃၄၁ ကျပ်အထိ ပြန်ကျလာပြီး နိုင်ငံခြားငွေလဲနှုန်း ကျလာခြင်းကြောင့် ရွှေဈေးနှုန်း ကျပ် ၈၆၄၀၀၀ ကျော်သို့ ပြန်လည် ကျဆင်းလာကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေးနှင့် ရွှေရောင်းဝယ်သူများထံမှ သိရသည်။ကမ္ဘာ့ဈေးကွက်တွင် နိုဝင်ဘာ ၂၃ ရက်၌ ဒေါ်လာဈေးနှုန်း ၁၀၀ ဒသမ ၉၈ အထိ ကျဆင်းခဲ့သော်လည်း မွန်းလွဲ ၃ နာရီတွင် ၁၀၁ ဒသမ ၁၇ အထိ ပြန်လည် မြင့်တက်ခဲ့သည်။အခြား ကမ္ဘာ့အဓိကငွေကြေးများနှင့် နှိုင်းယှဉ်ပါက ဒေါ်လာဈေး ဆက်မာနေပြီး နိုဝင်ဘာ ၂၃ ရက် ညနေ ၃ နာရီတွင် တစ်ယူရိုလျှင် ၁ ဒသမ ၀၆ ဒေါ်လာ၊ တစ်ပေါင်လျှင် ၁ ဒသမ ၂၄ ဒေါ်လာ၊ တစ်ဒေါ်လာလျှင် ၁၁၁ ဒသမ ၀၉ ယန်း ပေါက်ဈေးရှိနေသည်။ဒေါ်လာဈေး မာနေခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် နိုဝင်ဘာ ၁၀ ရက်နောက်ပိုင်း ဆက်တိုက်မြင့်တက်ခဲ့သော ဒေါ်လာဈေးသည် နိုဝင်ဘာ ၂၃ ရက်တွင် ကျရိပ် ပြန်ပြလာခြင်း ဖြစ်သည်။ နိုဝင်ဘာ ၁၀ ရက်တွင် ၁၂၉၃ ကျပ်သာ ရှိရာမှ နိုဝင်ဘာ ၁၁ ရက်တွင် ၁၂၉၉ ကျပ်၊ နိုဝင်ဘာ ၁၂ နှင့် ၁၃ ရက်တွင် ၁၃၀၂ ကျပ်၊ နိုဝင်ဘာ ၁၄ နှင့် ၁၅ ရက်တွင် ၁၃၀၄ -၁၃၀၆ ကျပ်ကြား၊ နိုဝင်ဘာ ၁၆ ရက်တွင် ၁၃၁၀ ကျပ်၊ နိုဝင်ဘာ ၁၇ ရက်တွင် ၁၃၁၆ ကျပ်၊ နိုဝင်ဘာ ၁၈ ရက်တွင် ၁၃၂၂ ကျပ်၊ နိုဝင်ဘာ ၁၉ ရက်တွင် ၁၃၂၃ ကျပ်၊ နိုဝင်ဘာ ၂၀ ရက်တွင် ၁၃၂၄ ကျပ်၊ နိုဝင်ဘာ ၂၁ ရက် တွင် ၁၃၃၈ ကျပ်၊ နိုဝင်ဘာ ၂၂ ရက်တွင် ၁၃၅၄ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။ နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ၁၃၄၇ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သော်လည်း ၁၃၅၃ ကျပ်အထိ မြင့်တက်ခဲ့ပြီးနောက် ညနေ ၃ နာရီတွင် ၁၃၄၁ ကျပ်အထိ ကျဆင်းခဲ့သည်။ပြင်ပဈေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက် မြင့်တက်လာခြင်းကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို နိုဝင်ဘာ ၂၃ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၃၀၅ အဖြစ် ငါးကျပ် တိုးမြှင့်ခဲ့သည်။ ဗဟိုဘဏ်နှုန်းကို နိုဝင်ဘာ ၁၆ ရက်တွင် ၁၂၈၇ ကျပ်၊ နိုဝင်ဘာ ၁၇ ရက်တွင် ကျပ် ၁၂၉၀၊ နိုဝင်ဘာ ၁၈ ရက်တွင် ၁၂၉၂ ကျပ်၊ နိုဝင်ဘာ ၂၁ ရက်တွင် ၁၂၉၅ ကျပ်၊ နိုဝင်ဘာ ၂၂ ရက်တွင် ကျပ် ၁၃၀၀ အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ပြည်တွင်းဈေးကွက်တွင် ဒေါ်လာဈေး ကျဆင်းလာပြီး ကမ္ဘာ့ရွှေဈေးနှုန်းလည်း ကျရိပ်ပြလာခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ် ၈၆၄၀၀၀ ကျော်သို့ ပြန်ဆင်းခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် နိုဝင်ဘာ ၂၂ ရက် နှင့် နှိုင်းယှဉ်ပါက ၆-၇ ဒေါ်လာဝန်းကျင် ကျဆင်းလာပြီး ညနေ ၃ နာရီတွင် ၁၂၁၀ ဒေါ်လာဝန်းကျင်သို့ ရောက်ရှိခဲ့သည်။ နိုဝင်ဘာ ၂၂ ရက်တွင် ဒေါ်လာဈေး ဆက်လက် မြင့်တက်မှုကြောင့် ကျပ် ၈၇၅၀၀၀ အထိ မြင့်တက်ခဲ့ရာ နိုဝင်ဘာ ၂၁ ရက် အမြင့်ဆုံးဈေးနှင့် နှိုင်းယှဉ်ပါက တစ်ရက်အတွင်း ကျပ် ၆၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့သည်။ နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ကျပ် ၈၇၅၂၀၀ ဖြင့် ဈေးဖွင့်ခဲ့သော ရွှေဈေးနှုန်းသည် ဒေါ်လာဈေး ကျဆင်းမှုကြောင့် မွန်းလွဲ ၃ နာရီခန့်တွင် ကျပ် ၈၆၄၇၀၀ အထိ ပြန်လည် ကျဆင်းခဲ့ကြောင်း သိရသည်။
ဒေါ်လာဈေး ၁၃၄၁ ကျပ်အထိ ပြန်ကျလာပြီး နိုင်ငံခြားငွေလဲနှုန်း ကျလာခြင်းကြောင့် ရွှေဈေး ကျပ် ၈၆၄၀၀၀ ကျော်သို့ ပြန်လည်ကျဆင်း