ကမ္ဘာ့ရွှေဈေး တက်ရိပ်ပြခြင်းနှင့် ဒေါ်လာဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၈၇၅၀၀၀ အထိ ပြန်ရောက်လာ

ကမ္ဘာ့ရွှေဈေး တက်ရိပ်ပြခြင်းနှင့် ဒေါ်လာဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၈၇၅၀၀၀ အထိ ပြန်ရောက်လာ
Published 22 November 2016

နိုဝင်ဘာ ၂၂ ရက်တွင် ကမ္ဘာ့ရွှေဈေး တက်ရိပ်ပြန်ပြခြင်းနှင့် ဒေါ်လာဈေး မြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၈၇၅၀၀၀ အထိ ပြန်ရောက်လာကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။
နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သော အမေရိကန် ရွေးကောက်ပွဲရလဒ် မထွက်ပေါ်မီ ကမ္ဘာ့ရွှေဈေး တစ်အောင်စ ၁၃၃၇ ဒေါ်လာအထိ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ဒေါ်လာဈေးမြင့်တက်လာကာ သုံးရက်အတွင်း ဒေါ်လာ ၁၀၀ ကျော်ကျဆင်းခဲ့ပြီး အနိမ့်ဈေးဖြင့် တည်ရှိနေခြင်း ဖြစ်သည်။
ကမ္ဘာ့ရွှေဈေးနှုန်းသည် နိုဝင်ဘာ ၉ ရက်တွင် ၁၃၃၇ ဒေါ်လာအထိ မြင့်တက်နေရာမှ နိုဝင်ဘာ ၁၀ ရက် တွင် ဒေါ်လာ ၁၂၈၀ ကျော်၊ နိုဝင်ဘာ ၁၁ ရက်တွင် ဒေါ်လာ ၁၂၅၀ ကျော်၊ နိုဝင်ဘာ ၁၂ ရက်တွင် ဒေါ်လာ ၁၂၂၀  ကျော်၊ နိုဝင်ဘာ ၁၄ ရက်တွင်  ၁၂၁၇ ဒေါ် လာ၊ နိုဝင်ဘာ ၂၀ ရက်တွင် ၁၂၀၇ ဒေါ်လာ အထိကျဆင်းခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်တွင် ၁၂၁၅ ဒေါ်လာ၊ နိုဝင်ဘာ ၂၂ ရက်တွင် ၁၂၁၇ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။
ပြည်တွင်းဈေးကွက်၌ နိုဝင်ဘာ ၉ ရက် တွင် ကျပ် ၈၉၉၂၀၀ အထိ ရောက်ရှိခဲ့သော ရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေး ကျဆင်းမှုကြောင့် နိုဝင်ဘာ ၁၀ ရက်တွင် ကျပ် ၈၈၄၅၀၀၊ နိုဝင်ဘာ ၁၁ ရက်တွင် ကျပ် ၈၇၄၂၀၀၊ နိုဝင်ဘာ ၁၂ နှင့် ၁၃ ရက်တွင် ကျပ် ၈၆၁၄၀၀-၈၆၂၀၀၀ ကြား၊ နိုဝင်ဘာ ၁၄ ရက်တွင် ကျပ် ၈၅၅၁၀၀ အထိ ကျဆင်းခဲ့သည်။
နိုဝင်ဘာ ၁၉ ရက်မှစပြီး ဒေါ်လာဈေး မြင့်တက်မှုကြောင့် နိုဝင်ဘာ ၁၉ ရက်တွင် ကျပ် ၈၅၉၃၀၀၊ နိုဝင်ဘာ ၂၀ ရက်တွင် ကျပ် ၈၆၁၃၀၀၊ နိုဝင်ဘာ ၂၁ ရက်တွင် ကျပ် ၈၆၉၀၀၀၊ နိုဝင်ဘာ ၂၂ ရက်နံနက်ပိုင်းတွင်  ဒေါ်လာဈေး ဆက်လက်မြင့်တက်မှုကြောင့် ကျပ် ၈၇၂၅၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျပ် ၈၇၅၀၀၀ အထိ မြင့်တက်ခဲ့ရာ နိုဝင်ဘာ ၂၁ ရက်အမြင့်ဆုံးဈေးနှင့် နှိုင်းယှဉ်ပါက တစ်ရက်အတွင်း ကျပ် ၆၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။