နိုဝင်ဘာ ၂၂ ရက်၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၄ ကျပ်အထိ စံချိန်တင် ရောက်ရှိလာပြီး ၁၀ ရက်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၅၀ ကျော် မြင့်တက်လာကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေ ရောင်းဝယ်သူများထံမှ သိရသည်။
ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေးနှုန်း ၁၄ နှစ်တာ ကာလအတွင်း စံချိန်တင် ဖြစ်ပေါ်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ဒေါ်လာဈေးညွှန်းကိန်း ၁၀၀ ဒသမ ၇၈ အထိ ကျဆင်းခဲ့သော်လည်း မွန်းလွဲပိုင်းတွင် ၁၀၁ ဒသမ ၁၂ ပွိုင့်အထိ ပြန်လည် မြင့်တက်ခဲ့သည်။ အခြား ကမ္ဘာ့အဓိက ငွေကြေးများနှင့် နှိုင်းယှဉ်ပါက ဒေါ်လာဈေး ဆက်မာနေပြီး နိုဝင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီတွင် တစ်ယူရိုလျှင် ၁ ဒသ မ ၀၆ ဒေါ်လာ၊ တစ်ပေါင်လျှင် ၁ ဒသမ ၂၄ ဒေါ်လာ၊ တစ်ဒေါ်လာလျှင် ၁၁၁ ဒသမ ၀၅ ယန်း ပေါက်ဈေး ရှိနေသည်။
အမေရိကန် ရွေးကောက်ပွဲနောက်ပိုင်း ပြည်တွင်းဈေးကွက်တွင် နိုဝင်ဘာ ၁၀ ရက်မှ စတင်ကာ ဒေါ်လာဈေး ဆက်တိုက်မြင့်တက်လာပြီး နိုဝင်ဘာ ၁၀ ရက်တွင် ၁၂၉၃ ကျပ်သာ ရှိရာမှ နိုဝင်ဘာ ၁၁ ရက်တွင် ၁၂၉၉ ကျပ်၊ နိုဝင်ဘာ ၁၂ နှင့် ၁၃ ရက်တွင် ၁၃၀၂ ကျပ်၊ နိုဝင်ဘာ ၁၄ နှင့် ၁၅ ရက်တွင် ၁၃၀၄ -၁၃၀၆ ကျပ်ကြား နိုဝင်ဘာ ၁၆ ရက်တွင် ၁၃၁၀ ကျပ်၊ နိုဝင်ဘာ ၁၇ ရက်တွင် ၁၃၁၆ ကျပ်၊ နိုဝင်ဘာ ၁၈ ရက်တွင် ၁၃၂၂ ကျပ်၊ နိုဝင်ဘာ ၁၉ ရက်တွင် ၁၃၂၃ ကျပ်၊ နိုဝင်ဘာ ၂၀ ရက်တွင် ၁၃၂၄ ကျပ်၊ နိုဝင်ဘာ ၂၁ ရက်တွင် ၁၃၃၈ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။ နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ၁၃၃၅ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သော်လည်း မွန်းလွဲပိုင်းတွင် ၁၃၅၄ ကျပ်အထိ ခုန်တက်ခဲ့ပြီး ကျပ်ဆယ်ဂဏန်းနှုန်း မြင့်တက်မှု နှစ်ရက် ရှိလာပြီး ၁၀ ရက်အတွင်း ကျပ် ၅၀ ကျော် မြင့်တက်လာကာ နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းတွင် ကျပ် ၁၃၅၀ အထိ ပြန်လည် ကျဆင်းခဲ့သည်။
ဈေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လာခြင်းကြောင့် နိုဝင်ဘာ ၂၂ ရက်၌ ပို့ကုန်ရငွေဈေးသည် ၁၃၆၇ ကျပ်အထိ ဖြစ်ပေါ်ခဲ့ပြီး စင်ကာပူမှ အခြားနိုင်ငံများသို့ ငွေလွှဲဈေးနှုန်း (Away) သည် ဝယ်ဈေး ၁၃၆၈ ကျပ်၊ ရောင်းဈေး ၁၃၆၉ ကျပ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ပြင်ပဈေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက်မြင့်တက်လာခြင်းကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို နိုဝင်ဘာ ၂၁ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၃၀၀ အဖြစ် ငါးကျပ် တိုးမြှင့်ခဲ့သည်။ ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ ၁၂၈၅ ကျပ်၊ နိုဝင်ဘာ ၁၆ ရက်တွင် ၁၂၈၇ ကျပ်၊ နိုဝင်ဘာ ၁၇ ရက်တွင် ကျပ် ၁၂၉၀၊ နိုဝင်ဘာ ၁၈ ရက်တွင် ၁၂၉၂ ကျပ်၊ နိုဝင်ဘာ ၂၁ ရက်တွင် ၁၂၉၅ ကျပ်၊ နိုဝင်ဘာ ၂၂ ရက်တွင် ကျပ် ၁၃၀၀ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ အစိုးရ စတင်တက်ရောက်သော ဧပြီ ၁ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း ၁၁၉၃ ကျပ် ဖြစ်ပေါ်ခဲ့ပြီး လက်ရှိ အစိုးရ လက်ထက် အနိမ့်ဆုံး ဒေါ်လာဈေးနှုန်းမှာ ၁၁၅၃ ကျပ် (ဧပြီ ၂၄ ရက်)ဖြစ်သည်။ အဆိုပါ အနိမ့်ဆုံး နိုင်ငံခြားေ ငွလဲနှုန်းနှင့် လက်ရှိဖြစ်ပေါ်သော ဒေါ်လာဈေးနှုန်းကို နှိုင်းယှဉ်ပါက ၂၀၁ ကျပ် အထိ မြင့်တက်လာပြီး ရာခိုင်နှုန်းအားဖြင့် ၁၇ ဒသမ ၄၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းငွေကြေး ဈေးကွက်အတွင်း သမိုင်းတစ်လျှောက် အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော နိုင်ငံခြား ငွေလဲနှုန်းမှာ ကျပ် ၁၃၇၀ (၂၀၀၇ ခုနှစ် အောက်တိုဘာ ၉ ရက်)ဖြစ်ပြီး ယခုအဆိုပါနှုန်းကို မီရန် ၁၆ ကျပ်သာ လိုတော့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၄ ကျပ်အထိ စံချိန်တင် ရောက်ရှိလာပြီး ၁၀ ရက်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၅၀ ကျော် မြင့်တက်