နိုဝင်ဘာ ၂၁ ရက်၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၃၈ ကျပ်အထိ ကိုးနှစ်အတွင်း စံချိန်တင်ဈေးအဖြစ် ဆက်လက်မြင့် တက်လာပြီး NLD အစိုးရလက်ထက် အနိမ့်ဆုံးနှုန်းနှင့် နှိုင်းယှဉ်ပါက ခုနစ်လအတွင်း မြန်မာကျပ်ငွေတန်ဖိုး ၁၆ ရာခိုင်နှုန်းကျော် ကျဆင်းလာကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေ ရောင်းဝယ်သူများထံမှ သိရသည်။
နိုဝင်ဘာ ၁၈ ရက်တွင် ကမ္ဘာ့ဈေးကွက်၌ ဒေါ်လာဈေးနှုန်း ၁၄ နှစ်တာအတွင်း စံချိန်တင်ဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်တွင်လည်း အမြင့်ဈေးဖြင့် ဆက်လက် ရပ်တည်နေခြင်းဖြစ်ရာ ပြည်တွင်းနိုင်ငံခြား ငွေကြေးဈေးကွက်တွင် ရက်သတ္တပတ် နှစ် ပတ်ခန့် ဒေါ်လာဈေးနှုန်း ဆက်တိုက်မြင့် တက်နေခြင်းဖြစ်သည်။ နိုဝင်ဘာ ၁၈ ရက်တွင် ကမ္ဘာ့ဈေးကွက်၌ ဒေါ်လာဈေးညွှန်းကိန်း ၁၀၁ ဒသမ ၄၉ အထိမြင့်တက်ခဲ့ကာ နိုဝင်ဘာ ၂၁ ရက်တွင် ၁၀၁ ဒသမ ၁၀ ပွိုင့်အထိ ပြန် ကျခဲ့သည်။ အခြားကမ္ဘာ့ အဓိကငွေကြေးများနှင့် နှိုင်းယှဉ်ပါက ဒေါ်လာဈေးဆက်မာနေပြီး နိုဝင်ဘာ ၂၁ ရက် နေ့လယ် ၃ နာရီတွင် တစ်ယူရိုလျှင် ၁ ဒသမ ၀၆ ဒေါ်လာ၊ တစ်ပေါင် လျှင် ၁ ဒသမ ၂၃ ဒေါ်လာ၊ တစ်ဒေါ်လာလျှင် ၁၁၀ ဒသမ ၈၄ ယန်း ပေါက်ဈေးရှိနေသည်။
အမေရိကန် ရွေးကောက်ပွဲနောက်ပိုင်း ပြည်တွင်းဈေးကွက်တွင် နိုဝင်ဘာ ၁၀ ရက်မှစတင်ကာ ဒေါ်လာဈေး ဆက်တိုက်မြင့်တက်လာပြီး နိုဝင်ဘာ ၁၀ ရက်တွင် ၁၂၉၃ ကျပ်၊ နိုဝင်ဘာ ၁၁ ရက်တွင် ၁၂၉၉ ကျပ်၊ နိုဝင် ဘာ ၁၂ နှင့် ၁၃ ရက်တွင် ၁၃၀၂ ကျပ်၊ နိုဝင် ဘာ ၁၄ နှင့် ၁၅ ရက်တွင် ၁၃၀၄ -၁၃၀၆ ကျပ်ကြား နိုဝင်ဘာ ၁၆ ရက်တွင် ကျပ် ၁၃၁၀၊ နိုဝင်ဘာ ၁၇ ရက်တွင် ၁၃၁၆ ကျပ်၊ နိုဝင် ဘာ ၁၈ ရက်တွင် ၁၃၂၂ ကျပ်၊ နိုဝင်ဘာ ၁၉ ရက်တွင် ၁၃၂၃ ကျပ်၊ နိုဝင်ဘာ ၂၀ ရက် တွင် ၁၃၂၄ ကျပ်၊ နိုဝင်ဘာ ၂၁ ရက်တွင် ၁၃၂၆ ဖြင့် ဈေးဖွင့်ခဲ့ပြီး ၁၃၃၈ ကျပ်အထိ ဆက်လက်မြင့်တက် ခဲ့ခြင်းဖြစ်သည်။
ပြင်ပဈေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက် မြင့်တက်လာခြင်းကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို နိုဝင်ဘာ ၂၁ ရက်တွင် တစ်ဒေါ်လာ ၁၂၉၅ ကျပ်အဖြစ် သုံးကျပ် တိုးမြှင့်ခဲ့သည်။ ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ ၁၂၈၅ ကျပ်၊ နိုဝင်ဘာ ၁၆ ရက်တွင် ၁၂၈၇ ကျပ်၊ နိုဝင်ဘာ ၁၇ ရက်တွင် ကျပ် ၁၂၉၀၊ နိုဝင်ဘာ ၁၈ ရက်တွင် ၁၂၉၂ ကျပ်၊ နိုဝင်ဘာ ၂၁ ရက်တွင် ၁၂၉၅ ကျပ်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိအစိုးရ စတင်တက်ရောက်သော ဧပြီ ၁ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း ၁၁၉၃ ကျပ် ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအစိုးရ လက်ထက် အနိမ့်ဆုံးဒေါ်လာဈေးနှုန်းမှာ ၁၁၅၃ ကျပ် (ဧပြီ ၂၄ ရက်)ဖြစ်သည်။ အဆိုပါ အနိမ့်ဆုံး နိုင်ငံခြား ငွေလဲနှုန်းနှင့် လက်ရှိဖြစ်ပေါ်သော ဒေါ်လာဈေးနှုန်းကို နှိုင်းယှဉ်ပါက ၁၈၅ ကျပ်အထိ မြင့်တက်လာပြီး ရာခိုင်နှုန်းအားဖြင့် ၁၆ ဒသမ ၀၄ ရာခိုင်နှုန်း မြင့်တက် ခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းငွေကြေး ဈေးကွက်အတွင်း သမိုင်းတစ်လျှောက် အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းမှာ ကျပ် ၁၃၇၀ (၂၀၀၇ ခုနှစ် အောက်တိုဘာ ၉ ရက်) ဖြစ်ပြီး အနိမ့်ဆုံးဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းမှာ ၆၇၇ ကျပ် (၂၀၁၁ ခုနှစ် သြဂုတ် ၂၃ ရက်) ဖြစ်သည်။
ဒေါ်လာဈေး ဆက်တိုက်ထိုးတက်နေပြီး တစ်ဒေါ်လာ ၁၃၃၈ ကျပ်အထိ ရောက်ရှိလာကာ ခုနစ်လအတွင်း မြန်မာငွေကြေးတန်ဖိုး ၁၆ ရာခိုင်နှုန်းကျော် ကျဆင်း