မြန်မာနိုင်ငံ၌ လက်ရှိအချိန်တွင် ဒေါ်လာဈေး မြင့်တက်နေမှုသည် တရားမဝင် ငွေကြေးဈေးကွက် ကြီးထွားနေမှုနှင့် ဈေးကစားမှုများကြောင့် ဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဘဏ်များအသင်း၌ GIZ Banking Report Launch Event အခမ်းအနားတွင် ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရှင်များက သုံးသပ်ပြောကြားသည်။
ယခင်ကတည်းက အမြင့်ဈေးတန်းတွင် ရှိနေသော ဒေါ်လာဈေးနှုန်းသည် အမေရိကန် ရွေးကောက်ပွဲ ရလဒ်ထွက်ပေါ်ပြီးချိန် ကတည်းက သိသိသာသာ မြင့်တက်ခဲ့ရာ နိုဝင်ဘာ ၁၈ ရက်တွင် ကျပ် ၁၃၂၀ ကျော်သည်အထိ စံချိန်တင် မြင့်တက်လာခြင်းဖြစ်သည်။
“ကျွန်တော်တို့နိုင်ငံမှာ Informal foreign exchange market ကြီးက အရမ်းကို ကြီးနေတဲ့အတွက် formal က မပြိုင်နိုင်ဘူး။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ ဒေါ်လာဈေး တက်တာက တက်တာပဲ။ ဒါက နိုင်ငံရဲ့ macro economic အခြေအနေအရပဲ။ သို့သော်လည်း အဲဒီ တက်နေတဲ့ ဒေါ်လာဈေးတင် မကဘဲ၊ မငြိမ်ဘဲ အတက်အကျ အရမ်းကြမ်းနေတယ်။ ဒီကြမ်းနေတာက Informal market မှာ ဈေးကစားမှုတွေ အများကြီးပါတယ်” ဟု ဦးမြသန်း (Ex-chairman, MOB & Retd MD, MICB Bank) က ပြောကြားသည်။
သို့သော် informal market ကို ပပျောက်သွားအောင် ကြိုးစားအားထုတ်ရန်မှာ ဘဏ်များအနေဖြင့် လုပ်ဆောင်၍ မရကြောင်း သိရသည်။
“ဗဟိုဘဏ်က ရှေ့က မားမားမတ်မတ်ရပ်ပြီး ခပ်သွက်သွက် ခပ်မြန်မြန်နဲ့ ခပ်ရဲရဲ လုပ်သွားဖို့ လိုပါတယ်” ဟု ဦးမြသန်းက ပြောကြားသည်။
လက်ရှိ ပြည်တွင်းဈေးကွက်တွင် ဒေါ်လာလိုအပ်ချက် များနေခြင်းသည် ဒေါ်လာဈေး မြင့်တက်ရခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်နေပြီး နိုင်ငံတကာ ဈေးကွက်တွင်လည်း ဒေါ်လာဈေး မြင့်တက်နေကြောင်းနှင့် အမေရိကန်နိုင်ငံ ရွေးကောက်ပွဲ ပြီးကတည်းက ဒေါ်လာဈေး မြင့်တက်နေရာ ပြည်တွင်းဈေးကွက်တွင်လည်း လိုက်ပါမြင့်တက်နေကြောင်း သိရသည်။
“ဒေါ်လာဈေးက ကမ္ဘာ့ဈေးကွက်မှာပါ မြင့်တက်နေတာကြောင့် အဲဒါကို ကျွန်တော်တို့က ကျအောင် အတင်းဆွဲချလို့တော့ မရဘူး။ ဒါပေမဲ့ သက်သာအောင်တော့ တစ်ခုခု လုပ်ပေးလို့ရတယ်။ မြန်မာနိုင်ငံက သွင်းကုန်အများဆုံး နိုင်ငံလို ဖြစ်နေတယ်။ ဒေါ်လာဈေးတက်ရင် လူတိုင်းကို ထိခိုက်နိုင်တယ်။ လူတိုင်းသောက်နေတဲ့ ဆေးတော်တော်များများက နိုင်ငံခြားက သွင်းနေတာ။ လူတိုင်း အသုံးအဆောင်တွေ နိုင်ငံခြားက သွင်းနေတာ။ ဒေါ်လာဈေးတက်ရင် အဲဒါတွေ ဈေးတက်မယ်။ အဲဒါတွေဈေးတက်ရင် လူတန်းစား အားလုံးကို ထိခိုက်မယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စီးပွားရေး ကော်မတီမှ အဖွဲ့ဝင်ဖြစ်သူ ဦးရဲမင်းဦးက ပြောကြားသည်။
လက်ရှိ ဒေါ်လာဈေးများ မြင့်တက်မှု၊ ငွေကြေးဖောင်းပွမှုသည် စိုးရိမ်စရာ အခြေအနေ မဟုတ်သေးကြောင်း၊ ပုံမှန်တက်နေသည့် အနေအထားဖြင့် တက်နေခြင်းဖြစ်ကြောင်း၊ ဈေးကွက်တစ်ခုလုံး ကမောက်ကမ ဖြစ်လောက်အောင် တက်နေခြင်း မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။
“လက်ရှိ ဒေါ်လာဈေး တက်နေတယ်ဆိုတဲ့ ပြဿနာရဲ့ အဓိက အကြောင်းရင်းက ပြည်တွင်းမှာ ဒေါ်လာတွေရှားတာ။ ပြည်တွင်းမှာ ဒေါ်လာတွေ ရှားတယ်ဆိုတာ ဒေါ်လာတွေ ပျောက်သွားတာ မဟုတ်ဘူး။ ဒေါ်လာ လိုချင်တဲ့သူတွေများတာ။ အဲဒီတော့ ဒေါ်လာ လိုချင်တဲ့သူတွေ များတယ်ဆိုတာ ဒေါ်လာ လိုအပ်ချက်ရှိနေလို့ ဝယ်တဲ့သူတွေများတယ်။ ဒေါ်လာရှားသွားရင် ဒေါ်လာဈေးက လိုက်တက်နေမှာပဲ။ အဓိက ပြဿနာက အဲဒါပဲ။ ရှားပါးမှုကို ဖြစ်စေတဲ့ အကြောင်းရင်းကို ရှာရမှာ။ အဲဒီဖြစ်စေတဲ့ အကြောင်းရင်းက ဗဟိုဘဏ် တစ်ခုတည်းနဲ့တော့ မဆိုင်ဘူး။ စီးပွား/ကူးသန်းနဲ့ ဆိုင်တာရှိမယ်။ ဘဏ္ဍာ/အခွန်နဲ့ ဆိုင်တာရှိမယ်။ တခြားသော ဝန်ကြီးဌာနတွေနဲ့ အစိုးရဌာနတွေနဲ့ ဆိုင်တာရှိမယ်။ စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်နေတာတွေရှိမယ်။ အဲဒါတွေအားလုံးကို အကြောင်းရှာမှရမယ်” ဟု ဦးရဲမင်းဦးက ပြောကြားသည်။
မြန်မာငွေတန်ဖိုး တည်ငြိမ်ခိုင်မာရေးဆိုင်ရာ ကိစ္စရပ်များကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ပူးပေါင်းဆောင်ရွက်ရန်အတွက် ပူးတွဲညှိနှိုင်းရေး ကော်မတီကို အောက်တိုဘာလ အတွင်းက ဖွဲ့စည်းခဲ့သော်လည်း နိုဝင်ဘာ ဒုတိယပတ်နှင့် တတိယပတ်တို့တွင် နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက် မြင့်တက်နေခြင်း ဖြစ်သည်။
နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်သော ဘဏ္ဍာရေးမူဝါဒ၊ ငွေရေးကြေးရေး မူဝါဒတို့နှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ပူးပေါင်း၍ မူဝါဒများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အဆိုပါ ကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တရားမဝင် ငွေကြေးဈေးကွက် ကြီးထွားနေမှုနှင့် ဈေးကစားမှုများကြောင့် ဒေါ်လာဈေး တက်နေခြင်းဖြစ်ဟု ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရှင်များ သုံးသပ်