ကိုးနှစ်အတွင်း ဒေါ်လာဈေးအမြင့်ဆုံးနှုန်းအဖြစ် ၁၃၂၂ ကျပ်အထိ စံချိန်တင်မြင့်တက်လာပြီး NLD အစိုးရသက်တမ်း ခုနစ်လကျော်အတွင်း အနိမ့်ဆုံးငွေလဲနှုန်းနှင့် နှိုင်းယှဉ်ပါက ၁၆၉ ကျပ်မြင့်တက်လာကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေးရောင်း ဝယ်သူများထံမှ သိရသည်။
နိုဝင်ဘာ ၁၈ ရက်တွင် ကမ္ဘာ့ဈေးကွက်၌ ဒေါ်လာဈေးနှုန်း ဆက်လက်မြင့်တက်နေပြီး ပြည်တွင်းဈေးကွက်တွင်လည်း ကိုးရက်ဆက်တိုက် မြင့်တက်လာခြင်းဖြစ်သည်။ နိုဝင်ဘာ ၁၇ ရက်တွင် ကမ္ဘာ့ဈေးကွက်၌ ဒေါ်လာဈေးညွှန်းကိန်း ၁၀၁ ဒသမ ၄၁ အထိ မြင့်တက်ခဲ့ကာ နိုဝင်ဘာ ၁၆ ရက် အမြင့်ဆုံးနှုန်း ၁၀၀ ဒသမ ၂၆ ပွိုင့်နှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၁၅ ပွိုင့် မြင့်တက်ခဲ့သည်။ အခြား ကမ္ဘာ့အဓိကငွေကြေးများနှင့် နှိုင်းယှဉ်ပါက ဒေါ်လာဈေး ဆက်မာနေပြီး နိုဝင်ဘာ ၁၈ ရက် ညနေ ၃ နာရီတွင် တစ်ယူရိုလျှင် ၁ ဒသမ ၀၅ ဒေါ်လာ၊ တစ်ပေါင်လျှင် ၁ ဒသမ ၂၄ ဒေါ်လာ၊ တစ်ဒေါ်လာလျှင် ၁၁၀ ဒသမ ၇၈ ယန်းပေါက်ဈေးရှိနေသည်။
ပြည်တွင်းဈေးကွက်တွင် နိုဝင်ဘာ ၁၀ ရက်မှစတင်ကာ ဒေါ်လာဈေး ဆက်တိုက်မြင့်တက်လာပြီး နိုဝင်ဘာ ၁၀ ရက်တွင် ၁၂၉၃ ကျပ်၊ နိုဝင်ဘာ ၁၁ ရက်တွင် ၁၂၉၉ ကျပ်၊ နိုဝင်ဘာ ၁၂ နှင့် ၁၃ ရက်တွင် ၁၃၀၂ ကျပ်၊ နိုဝင်ဘာ ၁၄ နှင့် ၁၅ ရက်တွင် ၁၃၀၄-၁၃၀၆ ကျပ်ကြား၊ နိုဝင်ဘာ ၁၆ ရက်တွင် ကျပ် ၁၃၁၀၊ နိုဝင်ဘာ ၁၇ ရက်တွင် ၁၃၁၆ ကျပ်၊ နိုဝင်ဘာ ၁၈ ရက်တွင် ၁၃၂၂ ကျပ်အထိ ခုန်တက်ခဲ့ခြင်းဖြစ်သည်။
ဈေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လာခြင်းကြောင့် နိုဝင်ဘာ ၁၈ ရက် ၌ ပို့ကုန်ရငွေဈေးသည် ကျပ် ၁၃၃၀ အထိ ဖြစ်ပေါ်ခဲ့ပြီး စင်ကာပူမှ အခြားနိုင်ငံများသို့ ငွေလွှဲဈေးနှုန်း (Away) သည် ဝယ်ဈေး ၁၃၃၁ ကျပ်၊ ရောင်းဈေး ၁၃၃၂ ကျပ် ဖြစ်ပေါ်ခဲ့သည်။
ပြင်ပဈေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက်မြင့်တက်လာခြင်းကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်း၏ရည် ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို နိုဝင်ဘာ ၁၈ ရက်တွင် တစ်ဒေါ်လာ ၁၂၉၂ ကျပ်အဖြစ် နှစ်ကျပ်တိုးမြှင့်ခဲ့သည်။ ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ ၁၂၈၅ ကျပ်၊ နိုဝင်ဘာ ၁၆ ရက်တွင် ၁၂၈၇ ကျပ်၊ နိုဝင်ဘာ ၁၇ ရက်တွင် ကျပ် ၁၂၉၀၊ နိုဝင်ဘာ ၁၈ ရက်တွင် ၁၂၉၂ ကျပ်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိအစိုးရ စတင်တက်ရောက်သော ဧပြီ ၁ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း ၁၁၉၃ ကျပ် ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအစိုးရလက်ထက် အနိမ့်ဆုံးဒေါ်လာဈေးနှုန်းမှာ ၁၁၅၃ ကျပ် ဖြစ်သည်။ ငွေကြေးဈေးကွက်အတွင်း သမိုင်းတစ်လျှောက် အမြင့်ဆုံးဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းမှာ ကျပ် ၁၃၇၀ (၂၀၀၇ ခုနှစ် အောက်တိုဘာ ၉ ရက်) ဖြစ်ပြီး အနိမ့်ဆုံးဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းမှာ ၆၇၇ ကျပ် (၂၀၁၁ ခုနှစ် သြဂုတ် ၂၃ ရက်) ဖြစ်သည်။
၂၀၁၁ ခုနှစ် စက်တင်ဘာလလယ်မှစ၍ နိုင်ငံခြားငွေလဲနှုန်း ကျပ် ၈၀၀ အထက်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် တဖြည်းဖြည်းမြင့်တက်ခဲ့ရာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ရှစ်နှစ်အတွင်း အမြင့်ဆုံးနှုန်း အဖြစ် ၁၃၁၅ ကျပ်အထိ မြင့်တက်ခဲ့သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်သော အထွေထွေရွေးကောက်ပွဲတွင် NLD အနိုင်ရရှိပြီးနောက် နိုင်ငံခြားငွေလဲနှုန်း ပြန်လည်ကျဆင်းလာကာ ၂၀၁၆ ခုနှစ် ဧပြီ ၂၄ ရက်တွင် ၁၁၅၃ ကျပ်အထိ ကျဆင်းခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းတွင် နိုင်ငံခြားငွေလဲနှုန်း သိသိသာသာ စတင်မြင့်တက်ခဲ့ပြီး ယခု နိုဝင်ဘာ ၁၈ ရက်တွင် ၁၃၂၂ ကျပ်အထိ ကိုးနှစ်အတွင်း အမြင့်ဆုံးစံချိန်တင် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုးနှစ်အတွင်း ဒေါ်လာဈေး အမြင့်ဆုံးနှုန်းအဖြစ် ၁၃၂၂ ကျပ်အထိ စံချိန်တင်မြင့်တက်
ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေကြေး ရောင်းဝယ်သည့် ကောင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)