နိုဝင်ဘာ ၁၇ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၁၆ ကျပ် ဆက်လက် မြင့်တက်လာရာ NLD အစိုးရလက်ထက် စံချိန်တင် ငွေလဲနှုန်းထားသစ် ထပ်မံဖြစ်ပေါ်လာပြီး ပြီးခဲ့သည့် သုံးလအတွင်း မြန်မာကျပ်ငွေ တန်ဖိုးမှာ ၁၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။
နိုဝင်ဘာ ၁၀ ရက်မှ စတင်ကာ ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေး အားကောင်းနေပြီး ပြည်တွင်း ဈေးကွက်တွင်လည်း နိုင်ငံခြား ငွေလဲနှုန်းထားများ မြင့်တက်နေခြင်းဖြစ်သည်။ နိုဝင်ဘာ ၁၇ ရက်တွင် ဒေါ်လာဈေး ညွှန်းကိန်း ၁၀၀ ဒသမ ၅၇ အထိ မြင့်တက်ခဲ့ကာ နိုဝင်ဘာ ၁၆ ရက်တွင် အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ညွှန်းကိန်းထက် ၀ ဒသမ ၃၁ ပွိုင့်ပိုမို ခဲ့သည်။ အခြားကမ္ဘာ့အဓိက ငွေကြေးများနှင့် နှိုင်းယှဉ်ပါက ဒေါ်လာဈေး ဆက်မာနေပြီး နိုဝင်ဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီတွင် တစ်ယူရိုလျှင် ၁ ဒသမ ၀၆ ဒေါ်လာ၊ တစ်ပေါင်လျှင် ၁ ဒသမ ၂၄ ဒေါ်လာ၊ တစ်ဒေါ်လာလျှင် ၁၀၉ ဒသမ ၃၉ ယန်းပေါက်ဈေးရှိ နေသည်။
ပြည်တွင်း ဈေးကွက်တွင် နိုဝင်ဘာ ၁၂ ရက်မှ စတင်ကာ ဒေါ်လာဈေး ၁၃၀၀ ကျော်လွန်ခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၃၁၀ သို့ရောက်ရှိခဲ့ကာ နိုဝင်ဘာ ၁၇ တွင် ၁၃၁၆ ကျပ်အထိ ဆက်လက် မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ရက်အလိုက် အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့သော နိုင်ငံခြား ငွေလဲနှုန်းများမှာ နိုဝင်ဘာ ၁၄ နှင့် ၁၅ ရက်တွင် ၁၃၀၆ ကျပ်၊ နိုဝင်ဘာ ၁၆ ရက်တွင် ကျပ် ၁၃၁၀ ဖြစ်သည်။ နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ၁၃၁၂ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ၁၃၁၆ ကျပ်အထိ မြင့်တက်ခဲ့ကာ မွန်းလွဲပိုင်းတွင် ၁၃၁၄ ကျပ်သို့ ပြန်လည်ကျဆင်းခဲ့သည်။
ဈေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လာခြင်းကြောင့် နိုဝင်ဘာ ၁၇ ရက်၌ ပို့ကုန်ရငွေဈေးသည် ၁၃၂၅ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး စင်ကာပူမှ အခြားနိုင်ငံများသို့ ငွေလွှဲဈေးနှုန်း (Away) သည် ဝယ်ဈေး ၁၃၂၆ ကျပ်၊ ရောင်းဈေး ၁၃၂၇ ကျပ်ရှိသည်။
ပြင်ပဈေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက်မြင့်တက် လာခြင်းကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်း၏ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို နိုဝင်ဘာ ၁၇ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၂၉၀ အဖြစ် သုံးကျပ်တိုးမြှင့်ခဲ့သည်။
NLD အစိုးရ စတင်တက်ရောက်သည့် ဧပြီ ၁ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း ၁၁၉၃ ကျပ် ဖြစ်ပေါ်ခဲ့ပြီး သက်တမ်း ခုနစ်လကျော်အတွင်း အနိမ့်ဆုံး နှုန်းထားမှာ ၁၁၅၃ ကျပ်ဖြစ်သည်။ ပြီးခဲ့သည့် သုံးလ သြဂုတ် ၁၇ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း ၁၁၉၅ ကျပ်နှုန်းဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာ ၁၇ ရက်တွင် ၁၃၁၆ ကျပ် အထိ ရောက်ရှိခဲ့ခြင်းကြောင့် သုံးလအတွင်း ၁၂၁ ကျပ် မြင့်တက်ခဲ့ရာ ရာခိုင်နှုန်းအားဖြင့် ၁၀ ဒသမ ၁၂ အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။
နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၁၆ ကျပ်ဖြင့် NLD အစိုးရလက်ထက် စံချိန်တင်နှုန်း ဆက်လက်ဖြစ်ပေါ်ပြီး သုံးလအတွင်း မြန်မာကျပ်ငွေတန်ဖိုး ၁၀ ရာခိုင်နှုန်းကျော် ကျဆင်း