ကျောင်းမုန့်ဈေးတန်းမုန့်များ ဘေးအန္တရာယ်ကင်းရှင်းရေး ပိုမိုလွှမ်းခြုံနိုင်ရန် မြို့နယ်အသီးသီးရှိ ကျောင်းများ၌ ပညာပေးခြင်းနှင့် နမူနာကောက်ယူစစ်ဆေးခြင်းများ ပြုလုပ်

ကျောင်းမုန့်ဈေးတန်းမုန့်များ ဘေးအန္တရာယ်ကင်းရှင်းရေး ပိုမိုလွှမ်းခြုံနိုင်ရန် မြို့နယ်အသီးသီးရှိ ကျောင်းများ၌ ပညာပေးခြင်းနှင့် နမူနာကောက်ယူစစ်ဆေးခြင်းများ ပြုလုပ်
Published 14 November 2016
လဲ့လဲ့အောင်

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကျောင်းမုန့်ဈေးတန်းများ၌ ရောင်းချနေသော စားသောက်ကုန်များ ဘေးအန္တရာယ် ကင်းရှင်းရေး ပိုမိုလွှမ်းခြုံနိုင်ရန်အတွက် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲ ရေးဦးစီးဌာနမှ မြို့နယ်အသီးသီးရှိ ကျောင်းများ၌ ပညာပေးခြင်းနှင့် နမူနာကောက်ယူ စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော မုန့်များ အန္တရာယ်ကင်းရှင်းရန်ရည်ရွယ်၍ ရောင်းချနေသော အစားအသောက်များကို နမူနာဝယ်ယူစစ်ဆေးခြင်းများနှင့် စားသုံးရန်မသင့်ဟု ထုတ်ပြန်ကြေညာထားသော အစားအသောက်များအား သိရှိရန် ပညာပေးခြင်းအပါအဝင် မုန့်ဈေးတန်းများအတွင်း ရောင်းချခြင်းမရှိရန်အတွက် ဆောင်ရွက်ခြင်းများကို ကျောင်းဖွင့်ချိန် ဇွန်လမှစတင်၍ ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် ပိုမိုလွှမ်းခြုံနိုင်ရန်အတွက် ကျောင်းကျန်းမာရေး အဖွဲ့ရှိသည့် ကျောင်းများအပြင် မြို့နယ်အသီးသီးရှိ ကျောင်းများသို့လည်း သွားရောက်ပညာပေး စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
“ကျောင်းမုန့်ဈေးတန်းမှာ ရောင်းချနေ တဲ့အစားအစာတွေ ဘေးအန္တရာယ်ကင်းရှင်း ဖို့အတွက် လုပ်ငန်းကို မန္တလေးမှာ ပြီးခဲ့တဲ့ ၂၀၁၄-၁၅ ပညာသင်နှစ်ကနေ စတင်လုပ်ဆောင်ခဲ့တယ်။ လုပ်ဆောင်ခဲ့တဲ့အခါမှာ အရင်နှစ်တွေကတော့ ကျောင်းကျန်းမာရေးအဖွဲ့ရှိတဲ့ ကျောင်းတွေကိုပဲ လုပ်ခဲ့ရာကနေ ဒီနှစ်မှာ ကျောင်းကျန်းမာရေး ရှိတဲ့ကျောင်းတွေအပြင် မြို့နယ်အသီးသီးက ကျောင်းတွေမှာ ဟောပြောတာတွေ၊ နမူနာကောက်ယူတာတွေ လုပ်နေတယ်။ ပိုမိုလွှမ်းခြုံနိုင်ဖို့ အတွက်လည်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း ကျောင်းအုပ်ဆရာ၊ ဆရာမကြီးတွေကို ပူးပေါင်းကူညီဖို့နဲ့ ပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်ထားတယ်” ဟု အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာန (မန္တလေး) မှ ညွှန်ကြားရေးမှူးက ပြောကြားသည်။
ကျောင်းမုန့်ဈေးတန်းများ၌ အသင့်စား အစားအသောက်များနှင့် အချိုရည်များအား အများဆုံးတွေ့ရှိရပြီး ဖြစ်ပေါ်နိုင်သည့် အန္တရာယ်များနှင့် ဓာတုဆိုးဆေးများကြောင့် ဖြစ်ပေါ်နိုင်သည့်အန္တရာယ်များ၊ အာဟာရပြည့်ဝသော မြန်မာမုန့်များ ရောင်းချရန် အသိပညာပေး ဆွေးနွေးခြင်းများအပြင် ကျန်းမာရေးဌာနမှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသည့် အစားအသောက်များအား သိရှိရန် ပညာပေးခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။
ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသော အစားအသောက်များ အန္တရာယ်ကင်းရှင်းရေးအတွက် ၂၀၁၄-၁၅ ပညာသင်နှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၁ မြို့နယ် ကျောင်း ၆၂ ကျောင်းမှ နမူနာစားသောက်ကုန် ၂၇၉ ခု စစ်ဆေးခဲ့ရာတွင် စားသုံးရန်မသင့် အစားအစာလေးခု တွေ့ရှိခဲ့ပြီး ၂၀၁၅-၁၆ ပညာသင်နှစ်တွင် မြို့နယ်ရှစ်မြို့နယ်၊ ကျောင်းပေါင်း ၂၀ မှ စားသောက်ကုန်နမူနာ ၂၂၃ ခု စစ်ဆေး ခဲ့ရာတွင် စားသုံးရန်မသင့် အစားအစာတစ်ခု တွေ့ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent