ပြည်တွင်းဈေးကွက် ဝယ်လိုအားမြှင့်တင်နိုင်ရန်နှင့် ဆန်စပါးဈေးကွက်တစ်ခုလုံး လည်ပတ်နိုင်ရန် မြန်မာ့ဆန်တန်ချိန်သုံးသိန်းကို သုံးလအတွင်း ပြည်ပတင်ပို့ရန် စီစဉ်

ပြည်တွင်းဈေးကွက် ဝယ်လိုအားမြှင့်တင်နိုင်ရန်နှင့် ဆန်စပါးဈေးကွက်တစ်ခုလုံး လည်ပတ်နိုင်ရန် မြန်မာ့ဆန်တန်ချိန်သုံးသိန်းကို သုံးလအတွင်း ပြည်ပတင်ပို့ရန် စီစဉ်
Published 12 November 2016
နီလာ

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် အသင်းဝင်ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆန်တန်ချိန်သုံးသိန်းကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလသုံးလအတွင်း ပြည်ပသို့တင်ပို့သွားရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။
ထိုသို့တင်ပို့မှုဖြင့် ပြည်တွင်းဈေးကွက် ဝယ်လိုအားကို မြှင့်တင်နိုင်မည်ဖြစ်ပြီး ဆန်စပါးဈေးကွက်တစ်ခုလုံးကို လည်ပတ်စေရန်နှင့် အနယ်နယ်အရပ်ရပ်ရှိ အသေးစား၊အလတ်စား ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များနှင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများပါဝင်သည့် Supply Chain၊ Value Chain တစ်လျှောက်တွင် ပါဝင်သူများအားလုံးကို ထိရောက်စွာ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြည်ပသို့ ဆန်တန်ချိန်သုံးသိန်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၉၀ခန့် ပြည်ပပို့ကုန် ဝင်ငွေရရှိမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ပို့ကုန်မြှင့်တင်ရေးကို ပုဂ္ဂလိကအခန်းကဏ္ဍမှ စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိပြီး ရေရှည်တွင် နိုင်ငံတကာဈေးကွက်သို့ ဆန်တင်ပို့မှုတိုးတက်လာစေရန်နှင့် ပို့ကုန်ဝင်ငွေကို မြန်မာနိုင်ငံဘဏ်များတွင် လက်ခံရရှိပြီး ကုန်သွယ်မှုလိုငွေပြခြင်းကို ထိရောက်စွာအကျိုးပြုနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။
မြန်မာ့ဆန်စပါး လုပ်ငန်းရေရှည်ဖွံ့ဖြိုးရေးကို ထိရောက်ပြတ်သားစွာ မူဝါဒချမှတ်ဆောင်ရွက်ရမည့်ကာလတွင် ပြည်တွင်းရှိအသေးစားနှင့် အလတ်စား ဆန်စက်လုပ်ငန်းများကို ထိခိုက်စေနိုင်သည့် စပါးအဖြစ် နယ်စပ်မှ ပြည်ပတင်ပို့မှုကို အသင်းချုပ်အနေဖြင့် လတ်တလောအခြေအနေတွင် ထောက်ခံမည်မဟုတ်ဘဲ မူဝါဒရွေးချယ်မှု မလွဲမှားစေရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများကို တိုက်တွန်းတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
စပါးအဖြစ်တင်ပို့ခြင်းသည် နိုင်ငံတကာကုန်သွယ်မှုနယ်ပယ်တွင် အပင်ပိုးမွှား ရောဂါကိစ္စများရှိနေ၍ ကုန်သွယ်ဖက်နိုင်ငံ နှင့် တရားဝင်ဖြစ်စေရန် ညှိနှိုင်းရမည့် အစိုးရ၏တာဝန်ပြီးမြောက်ပြီးနောက် တရားဝင် တင်ပို့ခွင့်ရရှိမှသာ စဉ်းစားသင့်ကြောင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုကို ထိခိုက်စေသည့် အစီအစဉ်ဖြစ်ကြောင်း  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတင်းထုတ်ပြန်ထားသည်။
တောင်သူများ၏ ထုတ်လုပ်မှုစရိတ်  ကာမိစေရေးအတွက် နိုဝင်ဘာလအတွင်း ပြည်ပသို့ ယာယီအစီအစဉ်ဖြင့် စပါးအတိုင်း တင်ပို့ခွင့်ပြုပေးမည်ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊       ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။
ယခုနှစ် မိုးစပါးပေါ်ချိန်တွင် စပါးဈေးနှုန်းများ ကျဆင်းနေမှုနှင့်စပ်လျဉ်းပြီး  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှဦးဆောင်ကာ သက်ဆိုင်ရာ ဆန်စပါးအသင်းအဖွဲ့များ၊ ပြည်ပသို့ ဆန်အများဆုံးတင်ပို့သည့် ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆွေးနွေးစဉ် လိုအပ်ပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် စပါးပြည်ပတင်ပို့ရောင်းချခွင့် ပြုနိုင်ရေးအတွက် အချိန်ကာလ သို့မဟုတ် တန်ချိန်အကန့်အသတ်ဖြင့် ခွင့်ပြုရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။                   

Most Read

Most Recent