လွန်ခဲ့သော ရက်သတ္တပတ်က မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် လာရောက် ရောင်းချကြသည့် မြန်မာနိုင်ငံ အရပ်ရပ်မှ ထွက်ရှိသည့် ဖရဲသီးများ ဈေးကောင်းမရခြင်း၊ စံချိန်စံညွှန်း မမီသော ဖရဲသီးများအား အနီးရှိ ဒေသခံများသို့ အလကား ပေးဝေခဲ့ရသည်အထိ ဈေးကွက်ပျက်ခဲ့ရသော ဖရဲသီးများသည် ယခု ရက်သတ္တပတ်အတွင်း မထင်မှတ်ဘဲ ဈေးပြန်လည်ကောင်းမွန်လာကြောင်း သိရသည်။အောက်တိုဘာ နောက်ဆုံးပတ်နှင့် နိုဝင်ဘာ ပထမပတ်များတွင် ဝင်ရောက်လာသော ဖရဲသီးယာဉ် ၁၅၀ တွင် အရောင်းအဝယ် မဖြစ်သော ဖရဲသီးယာဉ် တစ်ရက်လျှင် အစီးရေ ၅၀ ဝန်းကျင်ခန့်အထိ ရှိခဲ့ကြောင်း သိရသည်။“အောက်တိုဘာ နောက်ဆုံးပတ်နဲ့ နိုဝင်ဘာ ပထမပတ်လောက်တုန်းကတော့ ဖရဲသီးဈေးတွေ ဈေးကောင်း မရခဲ့ဘူး။ ဝယ်လက်တွေ ရှိပေမယ့် အသီးတွေက ရေမိထားတော့ တရုတ်ဝယ်လက်တွေက မဝယ်ရဲကြဘူး။ သူတို့က ဒီကဖရဲသီးတွေ ဝယ်ပြီး တရုတ်ပြည်မှာ ရက်အနည်းငယ်ကြာမှ ရောင်းရတာဆိုတော့ အထားမခံမှာ ကြောက်တာကြောင့် မဝယ်ကြဘူး။ ဖရဲသီးက မခူးခင် တစ်ပတ် ရေဖြတ်ရတာ ဆိုပေမယ့် မခူးခင် ဖရဲခင်းတွေမှာ မိုးက ဆက်တိုက်ရွာနေတာဆိုတော့ ဖရဲသီးတွေက ရေပါပြီး ကြာရှည် အထားမခံတဲ့ အခြေအနေ ဖြစ်နေတယ်။ နောက်ပြီး ခရီးဒဏ်လည်း မခံနိုင်တော့ဘူး။ တရုတ်ဝယ်လက်တွေကလည်း သူတို့ဘက်မှာထွက်တဲ့ ဖရဲသီးက မကုန်သေးတော့ အထားမခံတဲ့ ဖရဲသီးကို မဝယ်ရဲကြတာ” ဟု မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံ ကုန်စည်ဒိုင်မှ ဒေါ်ရီရီခိုင်က ပြောကြားသည်။ယခုတစ်ပတ်တွင် ဖရဲသီးများ ဝယ်လက်စိတ်ကြိုက် သတ်မှတ်အရည်အသွေးများ ရှိလာခြင်းနှင့် တရုတ်ပြည်တွင်းတွင် ဖရဲသီးများ ကုန်လုနီးပါး ရှိလာပြီဖြစ်ခြင်းတို့ကြောင့် ဖရဲသီးဈေး ပြန်လည်ဈေးကောင်းလာကြောင်း သိရသည်။“ဒီတစ်ပတ်က ဖရဲသီးဈေး တော်တော်ကို ပြန်ကောင်းနေပါပြီ။ ပြီးခဲ့တဲ့နှစ်ရက်နဲ့ ဒီနေ့နဲ့ တခြားစီ ဖြစ်သွားပြီ။ ကားခမရလို့ အိမ်ပြန်သွားတဲ့ တောင်သူတောင်မှ အိမ်မရောက်သေးဘူး ဒီမှာ ဈေးက တော်တော် ပြန်ကောင်းနေပါပြီ။ ဘာဖြစ်လို့ ဈေးပြန်ကောင်းလာတာလဲဆိုတော့ အရည်အသွေးက ကောင်းလာတာရယ်၊ ဖရဲသီးကား အဝင်နည်းသွားတာရယ် တရုတ်ပြည်မှာထွက်တဲ့ ဖရဲသီးတွေကလည်း ကုန်ပြီဆိုတော့ ဈေးပြန်ကောင်းလာတာ ဖြစ်တယ်။ အရင်တစ်ပတ်နဲ့ ပေါက်ဈေးနဲ့ ဒီတစ်ပတ်ပေါက်ဈေး ဘာမှကို မဆိုင်ဘူး။ ဖရဲသီးဈေးက တော်တော်ကို ပြန်တက်လာတာ” ဟု မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ခွာညိုသစ်သီးပွဲရုံမှ ဦးစိုင်းခင်မောင်က ပြောကြားသည်။ယခင်တစ်ပတ် ဖရဲသီးပေါက်ဈေးမှာ ဖရဲသီး တစ်တန်လျှင် တရုတ်ငွေ ၁၁၀၀ ယွမ်၊ တရုတ်ယွမ်ငွေ တစ်ယွမ်လျှင် မြန်မာကျပ် ငွေ ၁၈၇ ကျပ်နှုန်းဖြင့် မြန်မာကျပ်ငွေ နှစ်သိန်းကျော်ခန့်သာ ရရှိသော်လည်း ယခု တစ်ပတ်တွင် တစ်တန်လျှင် ၂၈၀၀ ယွမ်အထိ ဈေးရောက်ရှိခဲ့ကြောင်းနှင့် ဖရဲသီးဈေး ထပ်တက်ဦးမည်ဖြစ်ကြောင်း ဦးစိုင်းခင်မောင်က ဆက်လက်ပြောကြားသည်။မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံ ကုန်စည်ဒိုင်သို့ နိုဝင်ဘာ ၁ ရက်မှ ၁၀ ရက်အထိ ဖရဲသီးတင် ကားစီးရေ ၇၂၉ စီးမှ ဖရဲသီးတန်ချိန် ၁၀၈၃၇ ဒသမ ၅ တန် ဝင်ရောက်ခဲ့ပြီး ယခုရက်ပိုင်းတွင် တစ်ရက်လျှင် ဖရဲသီးကားစီးရေ ၈၀ ခန့် နေ့စဉ် ဝင်ရောက်လျက် ရှိနေကြောင်း သိရသည်။
မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ယခုသီတင်းပတ်အတွင်း ဖရဲသီးဈေး ပြန်ကောင်းလာ
Most Read
Most Recent
5 hours ago
5 hours ago
5 hours ago
5 hours ago
5 hours ago
5 hours ago