ကမ္ဘာ့ဈေးကွက်၌ ဒေါ်လာဈေး မာလာသဖြင့် ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ၁၂၉၉ ကျပ်အထိ လက်ရှိအစိုးရလက်ထက် စံချိန်တင်ဈေး ဖြစ်ပေါ်လာကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။
အမေရိကန် ရွေးကောက်ပွဲနောက်ပိုင်း ရင်းနှီးမြှုပ်နှံသူများ၏ ဒေါ်လာအပေါ် အကောင်းမြင်နေခြင်းကြောင့် ဈေးနှုန်းမြင့်တက် နေခြင်းဖြစ်သည်။ နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ဒေါ်လာဈေးအညွှန်း ကိန်း ၉၈ ဒသမ ၈၃ ပွိုင့်ရှိနေပြီး နိုဝင်ဘာ ၉ ရက်နှင့် နှိုင်းယှဉ်ပါက သုံးပွိုင့်ခန့်မြင့်တက် လာခဲ့သည်။ နိုဝင်ဘာ ၁၁ ရက်တွင် ဒေါ်လာ သည် အခြားကမ္ဘာ့ အဓိကငွေကြေးများနှင့် နှိုင်းယှဉ်ပါက အားကောင်းလာပြီး တစ်ယူရိုလျှင် ၁ ဒသမ ၀၈ ဒေါ်လာ၊ တစ်ပေါင်လျှင် ၁ ဒသမ ၂၅ ဒေါ်လာ၊ တစ်ဒေါ်လာလျှင် ၁၀၆ ဒသမ ၅ ယန်းရှိနေခြင်း ဖြစ်သည်။
နိုဝင်ဘာ ၇ ရက်တွင် ၁၂၈၈ ကျပ်အထိ မြင့်တက်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် နိုဝင်ဘာ ၈ ရက်တွင် ၁၂၉၃ ကျပ်အထိ ဆက် လက်မြင့်တက်ခဲ့သည်။ နိုဝင်ဘာ ၉ ရက်တွင် အမေရိကန်ရွေးကောက်ပွဲဂယက်ကြောင့် ၁၂၈၅ ကျပ်အထိ ကျဆင်းခဲ့သော်လည်း ည နေပိုင်းတွင် ၁၂၈၈ ကျပ်အထိ ပြန်လည်မြင့် တက်ခဲ့သည်။ နိုဝင်ဘာ ၁၀ ရက်တွင် ၁၂၉၃ ကျပ်အထိ မြင့်တက်လာသော နိုင်ငံခြားငွေ လဲနှုန်းသည် နိုဝင်ဘာ ၁၁ ရက်တွင် ၁၂၉၅ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ၁၂၉၉ ကျပ်အထိ ဆက်လက်မြင့်တက်ခဲ့ကာ ညနေပိုင်းတွင် ၁၂၉၇ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သည်။ ယခုဖြစ်ပေါ်သောဈေး ၁၂၉၉ ကျပ်နှုန်းသည် အောက်တိုဘာ ၂၆ ရက်တွင် ဖြစ်ပေါ်သော ၁၂၉၆ ကျပ်ကို ကျော်လွန်ပြီး စံချိန်တင်ဈေး နှုန်းဖြစ်လာခြင်းဖြစ်သည်။
ပြင်ပဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လာသော်လည်း မြန်မာနိုင်ငံ ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းကို နိုဝင်ဘာ ၁၀ ရက်၌ ၁၂၈၅ ကျပ်အဖြစ် ဆက်လက် သတ်မှတ်ခဲ့ပြီး ယင်းဈေးမှာ အောက်တိုဘာ ၂၇ ရက်ကတည်းက သတ်မှတ်ထားခြင်းဖြစ်သည်။
နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လာသော်လည်း ကမ္ဘာ့ရွှေဈေးနှုန်း ၁၂၅၄ ဒေါ်လာအထိ ကျဆင်းသွားခဲ့ခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ် ၈၇၅၀၀၀ ကျော်သို့ ပြန်လည်ကျဆင်းခဲ့သည်။ နိုဝင်ဘာ ၉ ရက်က အမေရိကန် ရွေးကောက်ပွဲဂယက်ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စ ၁၃၃၇ ဒေါ် လာအထိ မြင့်တက်ခဲ့သော်လည်း နိုဝင်ဘာ ၁၀ ရက်တွင် ဒေါ်လာ ၁၂၈၀ ကျော်၊ နိုဝင် ဘာ ၁၁ ရက်တွင် ဒေါ်လာ ၁၂၅၀ ကျော်အထိ ကျဆင်းလာခြင်းဖြစ်သည်။ နိုဝင်ဘာ ၈ ရက်တွင် ကျပ် ၈၇၈၀၀၀-၈၈၀၀၀၀ ကြား၌ ဖြစ်ပေါ်ခဲ့သော ရွှေဈေးနှုန်းသည် နိုဝင်ဘာ ၉ ရက်တွင် ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် ကျပ် ၈၉၉၂၀၀ အထိ ရောက်ရှိခဲ့ပြီးနောက် အမေရိကန် ရွေးကောက်ပွဲရလဒ် ထွက်ပေါ်ချိန်တွင် ကျပ် ၈၈၇၀၀၀ ဝန်းကျင်အထိ ပြန်လည်ကျဆင်းခဲ့သည်။ နိုဝင်ဘာ ၁၀ ရက်တွင် ကျပ် ၈၈၄၅၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်တွင် ကျပ် ၈၇၅၇၀၀ ဖြင့် ဈေးဖွင့်ခဲ့ကာ မွန်းလွဲပိုင်းတွင် ကျပ် ၈၇၄၂၀၀ ဝန်းကျင် ဈေးဖြစ်ပေါ်ခဲ့သည်။
ကမ္ဘာ့ဈေးကွက်၌ ဒေါ်လာဈေး မာလာသဖြင့် ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ၁၂၉၉ ကျပ်အထိ အစိုးရသစ်လက်ထက် စံချိန်တင်ဈေးဖြစ်ပေါ်