ဒီမိုကရေစီအပြောင်းအလဲနှင့် ခရိုနီအရင်းရှင်ဝါဒ

ဒီမိုကရေစီအပြောင်းအလဲနှင့် ခရိုနီအရင်းရှင်ဝါဒ
Published 28 October 2016

ခရိုနီ အရင်းရှင်ဝါဒအကြောင်း လေ့လာချက်များစွာတွင် နိုင်ငံရေး အခင်းအကျင်းများကို ဒီမိုကရေစီဆန်အောင် ပြုပြင်ပြောင်းလဲခြင်းက ခရိုနီဝါဒ၏ အချက်အချာဖြစ်သော “ပေါင်းစားသည့်” ဆက်ဆံရေးမျိုးအား ဖြတ်တောက်ရာ၌ အထောက်အကူ ပြုနိုင်သည်ဟု အခိုင်အမာဆိုကြသည်။ အာဏာရှင်ဆန်သော အစိုးရအဖွဲ့များသည် ခရိုနီဝါဒကျင့်သုံးမှုများကို မီဒီယာများနှင့် သာမန်ပြည်သူများက ဝေဖန် စိစစ်နိုင်လောက်သည့် ပွင့်လင်းမြင်သာမှုမျိုး မရှိအောင် ပြုလုပ်ထားကြသည်။ ယင်းကဲ့သို့သော အခင်းအကျင်းများကြောင့် မိမိတို့၏ အခွင့်အလမ်းများ ဆုံးရှုံးနေရသည်ကို သိမြင်သူများအတွက် ပြဿနာကို ပြုပြင် ပြောင်းလဲနိုင်ရန် နည်းလမ်းအဖြစ် မဲပေးခြင်းနှင့် ဆန္ဒထုတ်ဖော်ခြင်းများကို အသုံးပြုနိုင်သည်ဟု ယူဆမှုများလည်းရှိသည်။သို့သော် ယင်းယူဆမှုများနှင့် ပတ်သက်သော အခက်အခဲတစ်ရပ်မှာ ဒီမိုကရေစီဆန်သော လူ့အဖွဲ့အစည်းများသည်ပင်လျှင် ခရိုနီဝါဒကို တွန်းလှန်နိုင်သည့်အား လျော့နည်းခြင်း ဖြစ်သည်။ မြို့အလိုက်၊ ဒေသအလိုက်သာမက နိုင်ငံအလိုက်၌ပင် ခရိုနီအခင်းအကျင်းကို ထောက်ခံထားသော သို့မဟုတ် လက်လျှော့ထားသော လူအများစု ရှိနေတတ်ပြီး ခရိုနီဝါဒ ကျင့်သုံးနေမှု၌ ယဉ်ပါး အသားကျသွားကာ ခရိုနီအားပေးပါတီများနှင့် ခရိုနီအားပေး လူပုဂ္ဂိုလ်များကို ဆက်လက်၍ မဲပေးမြဲပေးနေကြသည်။ အမေရိကန်တစ်လွှားရှိ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရသော မြို့တော်ကောင်စီများသည်ပင် အခြားသူများ၏ မြေယာများကို လုပ်ငန်းရှင်များနှင့် ကောင်စီများက ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်သည်ဟု အထင်ရောက်စေလျက် လုပ်ငန်းရှင်များနှင့်ပေါင်းကာ ဝင်ရောက်ခြယ်လှယ် လုပ်ကိုင်နေကြသည်။ အာဂျင်တီးနားနိုင်ငံတွင် ၁၉၈၃ ခုနှစ်၌ ဒီမိုကရေစီစနစ်ကို ပြန်လည်ထိန်းသိမ်းလိုက်သော်လည်း နိုင်ငံ၏ တစ်ချိန်က ကြွယ်ဝခဲ့သော စီးပွားရေးကို စုတ်ပြတ်သွားစေခဲ့သည့် ရေရှည်တည်တံ့နေသော ခရိုနီ အရင်းရှင်စနစ်ကို အဆုံးမသတ်နိုင်သေးပေ။ခရိုနီ အရင်းရှင်ဝါဒပြဿနာကို ဖြေရှင်းရန် နည်းလမ်းတစ်ရပ်မှာ ခရိုနီဝါဒ၏ အချက်အချာဖြစ်သော နိုင်ငံရေးသမားများနှင့် အစိုးရအရာရှိများ “အပေးအယူ” လုပ်နိုင်ရန် အခွင့်အလမ်းများကို ကန့်သတ် ထိန်းချုပ်ပစ်လိုက်သည့် စီးပွားရေး၌ လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့် ရစေသော ပုံစံဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် အစိုးရအဖွဲ့၏ စီးပွားရေး၌ ပါဝင်စွက်ဖက်နိုင်စွမ်းကို ထိန်းချုပ်လိုက်ခြင်းဖြင့် သက်ဆိုင်ရာ အာဏာပိုင်များ၏ ခရိုနီများအား မျက်နှာသာပေးနိုင်စွမ်းကို ကန့်သတ်လိုက်ခြင်းဖြစ်သည်။ ယင်းက လုပ်ငန်းရှင်များအနေဖြင့် ရာထူးရှိသူအား အကျိုးအမြတ်အတွက် ချဉ်းကပ်လိုစိတ်အား လျှော့ချပစ်လိုက်နိုင်သည်။သို့သော် ဖွဲ့စည်းပုံဆိုင်ရာ ပြောင်းလဲမှုများနှင့် စီးပွားရေးလုပ်ရန် ဆွဲဆောင်ပုံ ပြောင်းလဲမှုများကလည်း ခရိုနီစနစ်ကို တိုက်ဖျက်ရန် လုံလောက်မှုမရှိသေးပါ။ လူထုအား (၁) ခရို နီဝါဒကို လက်ခံခြင်း သို့မဟုတ် အလေးမထားခြင်း ရပ်တန့်အောင် (၂) ခရိုနီဝါဒသည် တရားမျှတမှု မရှိကြောင်းကို အခြေခံကျကျ သိမြင်အောင် (၃) စီးပွားရေး၌ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိပြီး ရွေးချယ်ခွင့်နှင့်အညီ လိုအပ်သလို လုပ်ဆောင်ခွင့်ရှိကြောင်း သိမြင်အောင် ပြုလုပ်ရန်တို့သည် အလွန်အရေးကြီးသည်။ ယင်းကဲ့သို့ လုပ်ဆောင်နိုင်ခြင်း မရှိပါက ခရိုနီဝါဒဘက် ယိမ်းနေသည့် မည်သည့် နိုင်ငံရေးစနစ်ကိုမျှ ရပ်တန့်နိုင်ရန် လွယ်ကူလိမ့်မည် မဟုတ်ပါ။ ဈေးကွက်စီးပွားရေးစနစ်၌ ခရိုနီဝါဒကို ထိန်းချုပ်ရန်အတွက် စီးပွားရေးနှင့် နိုင်ငံရေး၌  ကိုယ်ကျင့်တရားဆိုင်ရာနှင့် အသိဉာဏ်ဆိုင်ရာ ခံနိုင်ရည်ရှိမှု (သီလနှင့် သမာဓိ) သည်လည်း မရှိမဖြစ်လိုအပ်သည်။ အခြားနည်းလမ်းတစ်ရပ်အနေဖြင့် ပြည်သူတို့၏အကျိုးစီးပွားကို ရှေ့ရှုပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် ဦးစားပေးမှုများ မဖြစ်အောင် ကာကွယ်ရန်အတွက် စီးပွားရေးကဏ္ဍနှင့် နိုင်ငံရေးကဏ္ဍများကို ကန့်သတ်ထိန်းချုပ်သည့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ ရှိရမည်ဖြစ်သည်။ထို့ကြောင့် ခရိုနီဝါဒကို ထိန်းချုပ်နိုင်သည့် ဒီမိုကရေစီ အပြောင်းအလဲများ ဖြစ်ပေါ်ရန်အတွက် နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍ နှစ်ရပ်စလုံး၌ သီလနှင့် သမာဓိရှိသော ပုဂ္ဂိုလ်များ လိုအပ်လျက်ရှိပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။(အောက်တိုဘာ ၂၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent