မိုင်းလားနယ်မြေအတွင်း ရောက်ရှိနေသည့် ‘ဝ’ တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခြင်း မရှိသေးကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာန သတင်းဖော်ပြ

မိုင်းလားနယ်မြေအတွင်း ရောက်ရှိနေသည့် ‘ဝ’ တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခြင်း မရှိသေးကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာန သတင်းဖော်ပြ
Published 27 October 2016
ကျော်ဇင်ဝင်း

မိုင်းလားနယ်မြေအတွင်း ရောက်ရှိနေသည့် “ဝ” တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခြင်း မရှိသေးကြောင်း ရှမ်းပြည်နယ်အတွင်းရှိ သတင်းများ အစဉ်တစိုက် ဖော်ပြလျက်ရှိသည့် သျှမ်းသံတော်ဆင့် သတင်းဌာနက အောက်တိုဘာ ၂၆ ရက် ညနေ ၃ နာရီခွဲခန့်တွင် ၎င်း၏ Facebook စာမျက်နှာ၌ သတင်းဖော်ပြချက်အရ သိရသည်။အဆိုပါ သတင်းနှင့် ပတ်သက်၍ မိုင်းလားအဖွဲ့နှင့် “ဝ” အဖွဲ့ တာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရခဲ့ပေ။ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ အထူးဒေသ-၄ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (NDAA) မိုင်းလားနယ်မြေအတွင်း ရောက်ရှိနေသည့် “ဝ” သွေးစည်းညီညွတ်ရေးပါတီ၏ UWSA တပ်ဖွဲ့များ အောက်တိုဘာ ၂၄ ရက် နောက်ဆုံးထား ဆုတ်ခွာရန် တပ်မတော်က အကြောင်းကြားထားသော်လည်း UWSA တပ်များမှာ ဆုတ်ခွာခြင်း မရှိသေးသဖြင့် စစ်ရေးတင်းမာနေခြင်းဖြစ်သည်။“မိုင်းခတ်ဘက်မှာ၊ တာပင်းဂိတ်မှာ မိုင်းယောင်းလွယ်လန့်ဖှ ဟင်ချိုတောင်ကြောဘက်မှာ တပ်မတော်ဘက်က အင်အားအလုံးအရင်း ဖြည့်ထားတယ်။ သံချပ်ကာကားတွေ၊ တင့်ကားတွေပါတယ်လို့ သတင်းရတယ်။ တပ်ဖွဲ့တွေ တပ်မဆုတ်သေးဘူး။ တိုက်ပွဲမဖြစ်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာ ကျွန်တော်တို့ တပ်မှူးတွေ “ဝ” ခေါင်းဆောင်တွေနဲ့ သွားတွေ့နေတယ်။ မနေ့ကတည်းက ပြန်မလာသေးဘူး။ “ဝ” ကို တပ်မတော်လာတိုက်ရင် ကျွန်တော်တို့ လူထုပဲ ခံရမှာလေ။ တိုက်ပွဲ မဖြစ်စေလိုဘူး။ ကြားကနေ ခံရမှာက ကျွန်တော်တို့” ဟု မိုင်းလား၏ အမှတ် ၉၁၁ တပ်မဟာလက်အောက်ခံ ဗိုလ်အားပွေက ပြောကြားသည်ဟု သျှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြရေးသားထားသည်။စစ်ရေးတင်းမာမှုများကြောင့် ကျိုင်းတုံနှင့် မိုင်းလားအကြားရှိ တာပင်းဂိတ် အပါအဝင် ဆက်သွယ်ရေးလမ်းကြောင်းအရ အရေးပါသည့် ဂိတ်များအား တပ်မတော်ဘက်က ယာယီပိတ်ထားပြီး မိုင်းလားဒေသနှင့် မိုင်းယန်းဒေသရှိ အစိုးရဝန်ထမ်းအချို့နှင့် ဒေသခံအချို့ ကျိုင်းတုံသို့ ခေတ္တတိမ်းရှောင်လာကြောင်း သတင်းဖော်ပြမှုများအရ သိရသည်။“ခင်ဗျားတို့ပြောတဲ့-သတင်းတွေအတိုင်း တပ်တွေအကုန်နုတ်တယ်ဆိုတဲ့အဆင့်တော့ မဟုတ်ဘူး။ ကျွန်တော်တို့ စစ်အင်အားတွေ လျှော့ချတာ။ တပ်နုတ်မိန့်မရဘူး။ နုတ်ရင် တခြားတပ်တွေလာစိုက်။ ကျွန်တော်တို့နဲ့ မိုင်းလားတို့ကြား ရှုပ်သွားကုန်နိုင်တယ်” ဟု “ဝ” အရာရှိတစ်ဦးဖြစ်သည့် လော်ဆိုင်းနပ်က ပြောသည်ဟု အောက်တိုဘာ ၂၆ ရက်တွင် သျှမ်းသံတော်ဆင့်သတင်းဌာနက ဖော်ပြထားသည်။“ဝ” တပ်ဖွဲ့အနေဖြင့် မိုင်းလားနယ်မြေရှိ စစ်ရေးအရ မဟာဗျူဟာကျသည့် တပ်စခန်း အချို့အား စက်တင်ဘာလကုန်ပိုင်းက ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး အဆိုပါ တပ်စခန်းများရှိ မိုင်းလားတပ်ဖွဲ့ဝင် ၁၅၀ ခန့်ကိုလည်း ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သဖြင့် “ဝ” တပ်ဖွဲ့နှင့် မိုင်းလားအဖွဲ့တို့အကြား စစ်ရေးတင်းမာခဲ့ပြီး နောက်ပိုင်းတွင် မိုင်းလားတပ်ဖွဲ့ဝင်များအား ပြန်လည်လွှတ်ပေးခဲ့ကာ ဖြစ်စဉ်နှင့် ပတ်သက်၍ အောက်တိုဘာ ၃ ရက်တွင် မိုင်းလားအဖွဲ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ယင်းကြေညာချက်၌ “ဝ” ညီနောင်တပ်ဖွဲ့သည် မိမိတို့ဒေသအတွင်း ခရီးကြမ်းထွက် လေ့ကျင့်ရေးများ ပြုလုပ်နေကြောင်း၊ တစ်ပတ်အချိန်အတောအတွင်းတွင် တပ်ဖွဲ့စုစည်းကွပ်ကဲမှု၊ ဖြန့်ခွဲနေရာယူမှု၊ စုစည်းမှုစသည့် လေ့ကျင့်မှု အမျိုးမျိုး ပြုလုပ်ခဲ့ကြောင်း၊ လေ့ကျင့်ရေးကာလအတွင်း အချို့တပ်ဖွဲ့သည် ညွှန်ကြားချက်များ ဆောင်ရွက်ရာတွင် ကြီးမားသည့် လွဲမှားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဆိုးရွားသည့် ဂယက်ရိုက်မှုများ ဖြစ်စေခဲ့ကြောင်း၊ မိမိတို့ဒေသ ခေါင်းဆောင်များသည် “ဝ” တပ်ဖွဲ့ အထက်ခေါင်းဆောင်များနှင့် ညှိနှိုင်းပြီးနောက် အောက်တိုဘာ ၁ ရက် နံနက်ပိုင်းတွင် မိုင်းလားဒေသရှိ ဝမ်လျန်းလေ့ကျင့်ရေး ပြုလုပ်နေသည့် ကွပ်ကဲရေးစခန်းသို့ သွားရောက်၍ ကွပ်ကဲရေးခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ခင်မင်ရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ဖော်ပြရေးသားထားသည်။သို့ရာတွင် “ဝ” တပ်ဖွဲ့များမှာ မိုင်းလားနယ်မြေအတွင်း ဆက်လက်တပ်စွဲထားသဖြင့် အောက်တိုဘာ ၂၂ ရက်တွင် တပ်မတော်က “ဝ” အဖွဲ့အား ထွက်ခွာသွားရန် ညွှန်ကြားချက် ထွက်ပေါ်လာပြီးနောက် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်သို့ “ဝ” အဖွဲ့က အောက်တိုဘာ ၂၁ ရက်ဖြင့် ပေးပို့ထားသည့် အကြောင်းကြားစာ စာတစ်စောင် ထွက်ပေါ်လာသည်။အဆိုပါ “ဝ” အဖွဲ့၏ အကြောင်းကြားစာတွင် စစ်မက်ဖြစ်ပွားခြင်းကို ဦးစွာ အလွယ်တကူ စတင်မည် မဟုတ်ဘဲ ခရီးကြမ်း ချီတက်လေ့ကျင့်ရေးကြောင့် ဖြစ်ပေါ်လာသော အထင်လွဲမှားမှုကို အထူးဒေသ (၄) မိုင်းလားအဖွဲ့နှင့်အတူ ပြေလည်စွာ ဖြေရှင်းသွားမည်ဟု ရေးသားထားသည်။

Most Read

Most Recent