ရန်ကုန်မြို့လယ်ရှိ တိုက်ခန်းတစ်ခန်းနေ သားအမိနှစ်ဦး နေ့ခင်းကြောင်တောင် ဓားထိုးရိုက်နှက်ခံရပြီး မိခင်ဖြစ်သူ သေဆုံးကာ ကျူးလွန်သူမှာလည်း တိုက်ခန်းပေါ်မှ ပြုတ်ကျသေဆုံး

ရန်ကုန်မြို့လယ်ရှိ တိုက်ခန်းတစ်ခန်းနေ သားအမိနှစ်ဦး နေ့ခင်းကြောင်တောင် ဓားထိုးရိုက်နှက်ခံရပြီး မိခင်ဖြစ်သူ သေဆုံးကာ ကျူးလွန်သူမှာလည်း တိုက်ခန်းပေါ်မှ ပြုတ်ကျသေဆုံး
Published 18 September 2016
မင်းသိန်းနိုင်၊ သန့်ဇင်ကျော်

ရန်ကုန်မြို့လယ် တိုက်ခန်းတစ်ခန်းနေ သားအမိနှစ်ဦး နေ့ခင်းကြောင်တောင် ဓားထိုးရိုက်နှက်ခံရပြီး ရိုက်နှက်ခံရသူနှစ်ဦးအနက် မိခင်ဖြစ်သူမှာ သေဆုံးခဲ့ကြောင်း စက်တင်ဘာ ၁၈ ရက်တွင် အခင်းဖြစ်နေအိမ် ပတ်ဝန်းကျင်နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။အခင်းဖြစ်စဉ်မှာ စက်တင်ဘာ ၁၈ ရက် နံနက် ၁၁ နာရီခန့်တွင် ကျောက်တံတားမြို့နယ် ၃ ရပ်ကွက် ၃၅ လမ်းရှိ အသက် ၆၀ အရွယ်ရှိ ဒေါ်ကြင်မွှေးနှင့် ၎င်း၏သမီး ဒေါ်နှင်း ပပလွင်တို့နှစ်ဦး နေထိုင်သည့် တိုက်ခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူမှာလည်း အခင်းဖြစ်ပြီးနောက် တိုက်ခန်း၏ နောက်ဖေး ပြတင်းပေါက်မှ ထွက်ပြေးရန်ပြုလုပ်စဉ် ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း သိရသည်။

သံပိုက်ဖြင့် ရိုက်နှက်ခံရမှုကြောင့် ဦးခေါင်းဒဏ်ရာ ရရှိခဲ့သည့် ဒေါ်နှင်းပပလွင်အား တွေ့ရစဉ်
 
“အဲဒီနေအိမ်မှာနေတဲ့ အစ်မကြီးက ခေါင်းမှာဒဏ်ရာတွေနဲ့ တိုက်အောက်ကို ဆင်းလာပြီး ကယ်ကြပါဦးလို့အော်လို့ ကျွန်တော်တို့ သွားကြတယ်။ တိုက်ခန်းပေါ်ထိတော့ မတက်ကြဘူး။ တရားခံ မပြေးရအောင် တိုက်ခန်း လှေခါးအပေါက်က ပိတ်ထားတယ်။ ပြီးတော့ တိုက်ခန်းနောက်ဖေးပေါက်ကလည်း တရားခံ ပြေးနိုင်တယ်ဆိုပြီးတော့ ကျွန်တော်နဲ့ အခြားသူအချို့က တိုက်ခန်းနောက်ကို လိုက်သွားတဲ့အချိန်မှာ မှောက်လျက်လဲနေတဲ့ တရားခံကို တွေ့ရပါတယ်။ အဲဒီတုန်းကတော့ မသေသေးဘူး။ မျောနေတာပေါ့။ အဲဒါနဲ့ ကျွန်တော်နဲ့ ရဲအရာရှိတစ်ဦးက သူကိုသယ်ပြီး ဆေးရုံကားပေါ် တင်ပေးလိုက်တယ်။ အခုတော့ တရားခံရော၊ ဒီအိမ်က အရိုက်ခံရတဲ့ အဘွားရော ဆေးရုံမှာ ဆုံးသွားပြီလို့ သိရပါတယ်” ဟု အခင်းဖြစ်ပွားရာ နေအိမ်တိုက်ခန်းအနီးနေ လူငယ်တစ်ဦးက ပြောကြားသည်။ရိုက်နှက်ခံရသည့် သားအမိနှစ်ဦးအနက် မိခင်ဖြစ်သူ ဒေါ်ကြင်မွှေးမှာ လည်ပင်းတွင် ထိုးသွင်းဒဏ်ရာတစ်ချက်နှင့် ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာများရရှိ၍ ဆေးရုံတွင် သေဆုံးသွားကြောင်းနှင့် ၎င်း၏ သမီးဖြစ်သူ ဒေါ်နှင်းပပလွင်မှာ ဦးခေါင်းကွဲ ဒဏ်ရာများရရှိခဲ့ကြောင်း  အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

ကျူးလွန်သူအား တိုက်ခန်းပေါ်သို့မတက်မီ CCTV ကင်မရာမှတ်တမ်းမှ တွေ့ရစဉ်
ဆက်လက်၍ ၎င်းရဲအရာရှိက “သား အမိနှစ်ဦးမှာ မိခင်ဖြစ်တဲ့သူ ဆေးရုံမှဆုံးသွားပါတယ်။ သမီးဖြစ်သူက တိုက်ခန်းအောက်ကို ဆင်းအကူအညီတောင်းတော့ ကျူးလွန်သူကလည်း ကြောက်လန့်ပြီး တိုက်ခန်းနောက်ဖေး ပြတင်းပေါက်ကနေ လွတ်မြောက်ရာလွတ်မြောက်ကြောင်း ကြံစည်ဆင်းတဲ့အချိန်မှာ ပြုတ်ကျသွားတာဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဖေးနံရံမှာ မိလ္လာပိုက် ရှိတယ်လေ။ အဲဒီက ကြောက်ကြောက်လန့်လန့် လျှောဆင်းရင်း ပြုတ်ကျတာ ဖြစ်နိုင်ပါတယ်။ အသေးစိတ်ကိုတော့ စစ်ဆေးနေဆဲပါပဲ” ဟု ပြောကြားသည်။ယင်းသို့ ကျူးလွန်သူ အမျိုးသားမှာ သန်လျင်မြို့နယ်နေ မြတ်ကိုလှိုင်ဖြစ်ပြီး ဒေါ်ကြင်မွှေး၏ တူဖြစ်ကြောင်း ကျောက်တံတားမြို့မရဲစခန်းမှ စုံစမ်းသိရှိရပြီး မြတ်ကိုလှိုင်နှင့် ဒေါ်ကြင်မွှေးတို့မှာ စကားများရန်ဖြစ်ကြရာမှ ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အင်တာနက် လူမှုကွန်ရက်စာမျက်နှာများမှ အနုကြမ်းစီးခံရခြင်းဆိုသည့် သတင်းများမှာ မဟုတ်မှန်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။အခင်းဖြစ်ပွားရာ နေအိမ်မှ သမီးဖြစ်သူအား လာရောက်သတင်းမေးသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါ်ကြည်ပြာက “ကျူးလွန်သူက အိမ်ရှင် ဒေါ်ကြင်မွှေးရဲ့ တူလို့သိရတယ်။ တူဖြစ်လို့ တံခါးဖွင့်ပေးလိုက်တယ်လို့ ပြောတယ်။ သူယူလာတဲ့ ဒံပေါက်ကို အပြင်မှာ အတူတူတောင် စားကြသေးတယ်လို့ပြောတယ်။ အဲဒီလို စားနေကြတဲ့ အချိန်မှာ မနှင်းပပလွင်က ရေသွားချိုးတယ်လို့ပြောတယ်။ ပြီးတော့ အပြင်ဘက်က သူ့အမေက သားဘာလိုချင်လို့လဲဆိုတဲ့ မေးသံတွေကြားပြီး ရုန်းရင်းဆန်ခတ် ဖြစ်သံတွေကြားတော့ ထွက်ကြည့်တဲ့အချိန်မှာ သူ့ အမေက သွေးတွေနဲ့ တွေ့တယ်ပြောတယ်။ အဲဒါနဲ့ သူအောက်ကိုဆင်းပြီး အကူအညီတောင်းတဲ့အချိန်မှာ သူသံပိုက်လုံးနဲ့ အရိုက်ခံရတယ်ပြောတယ်”ဟု  ပြောကြားသည်။အခင်းဖြစ်နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးခဲ့ရာတွင် အရှည်ကိုးလက်မခွဲခန့် အိမ်သုံးဓားတစ်ချောင်းနှင့် ကျူးလွန်သူယူလာသည်ဟု ယူဆရသည့် အရှည် ၁၄ လက်မခွဲ ခန့်ရှိ အခေါင်းပွ သံပိုက်လုံးတစ်ချောင်းကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်ကို ကျောက်တံတားမြို့မ ရဲစခန်းက (ပ) ၁၉၂/၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၂/၃၂၆ ဖြင့်အမှုဖွင့်ကာ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။