နယူးယောက်ပြတိုက်ရှိ ရွှေအစစ်ဖြင့် ပြုလုပ်ထားသော အိမ်သာထိုင်ခုံကို အများပြည်သူများ အသုံးပြုနိုင်ပြီ

နယူးယောက်ပြတိုက်ရှိ ရွှေအစစ်ဖြင့် ပြုလုပ်ထားသော အိမ်သာထိုင်ခုံကို အများပြည်သူများ အသုံးပြုနိုင်ပြီ
Published 16 September 2016
Ref: AFP

အီတလီအနုပညာရှင် မာရီဇီယိုကတ်တလန်၏ လက်ရာဖြစ်သည့် 'America' ဟု အမည်ပေးထားသော ၁၈ ကရက်ရွှေဖြင့် ပြုလုပ်ထားသည့် အိမ်သာထိုင်ခုံကို နယူးယောက်မြို့ရှိ Guggenheim ပြတိုက်တွင် ထားရှိထားကြောင်း သိရသည်။အပြည့်အ၀ အသုံးပြုနိုင်သော ထိုရွှေအိမ်သာထိုင်ခုံကို ပြတိုက်၏ လေးလွှာတွင် ရှိသော သန့်စင်ခန်း၌ စက်တင်ဘာ ၁၆ ရက်မှစ၍ ထားရှိမည်ဟု သိရသည်။ ထိုအိမ်သာထိုင်ခုံကို ကျား၊ မ နှစ်မျိုးစလုံး သုံးစွဲနိုင်မည်ဟု ပြတိုက်မှ ခေတ်ပြိုင်အနုပညာ ပြခန်းတာဝန်ခံ ကက်သရင်းဘရန်ဆင်က ပြောကြားခဲ့သည်။“ပြတိုက်ကို လာရောက်တဲ့ ဧည်သည်တွေဟာ ဒီအနုပညာလက်ရာကို တစ်မူထူးခြားတဲ့ အထိအတွေ့နဲ့ တွေ့ကြုံရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။သန့်စင်ခန်း၏အပြင်ဘက်တွင် အစောင့်တစ်ဦးက စောင့်နေမည်ဖြစ်ပြီး ပြတိုက်ထဲသို့ ဝင်ခွင့်ရှိသူတိုင်း ထိုရွှေအိမ်သာထိုင်ခုံကို စိတ်ကြိုက် အသုံးပြုနိုင်မည်ဟု သိရသည်။မီလန်အခြေစိုက် အနုပညာရှင်တစ်ဦးဖြစ်ပြီး ထရပ်ကားမောင်းသူတစ်ဦး၏ သားဖြစ်သည့် ကက်တလန်က ၎င်း၏ အနုပညာဖန်တီးမှုတစ်ခုသည် စီးပွားရေးမညီမျှမှုကြောင့် စိတ်ကူးပေါ်လာခြင်းဖြစ်သည်ဟု ယခုနှစ် အစောပိုင်းက အရိပ်အမြွက် ပြောကြားခဲ့ဖူးသည်။ ၁၉၁၇ ခုနှစ်က နယူးယောက်တွင် ပြသခဲ့ပြီး အနုပညာလောကထဲတွင် အုတ်အော်သောင်းတင်း ဖြစ်စေခဲ့သည့် မာဆယ်ဒူးရွမ့်၏ Fountain ဟု အမည်ပေးထားသော ကြွေဖြင့် ပြုလုပ်ထားသည့် ဆီးသွားခွက်နှင့်  ကက်တလန်၏ ယခု ရွှေအိမ်သာ ထိုင်ခုံတို့ကို နှိုင်းယှဉ်မှုများ ရှိခဲ့ကြသည်ဟု သိရသည်။          

Most Read

Most Recent