ကစားသမား ၂၅ ဦး၏ ဆေးမှတ်တမ်းများ ဟက်ကာများ၏ ခိုးယူခံထားရဟု WADA အတည်ပြု

ကစားသမား ၂၅ ဦး၏ ဆေးမှတ်တမ်းများ ဟက်ကာများ၏ ခိုးယူခံထားရဟု WADA အတည်ပြု
 Fancy Bears ဟက်ကာအဖွဲ့၏ ဖွင့်ချမှုတွင် ထပ်မံပါဝင်လာသည့် Tour de France စက်ဘီးစီးချန်ပီယံ ဗြိတိန်နိုင်ငံသား ခရစ္စဖရွမ်း (Photo: AFP)
Fancy Bears ဟက်ကာအဖွဲ့၏ ဖွင့်ချမှုတွင် ထပ်မံပါဝင်လာသည့် Tour de France စက်ဘီးစီးချန်ပီယံ ဗြိတိန်နိုင်ငံသား ခရစ္စဖရွမ်း (Photo: AFP)
Published 16 September 2016
Ref: AFP

ကမ္ဘာတစ်ဝန်းရှိ ထိပ်တန်း အားကစားသမားများ အပါအဝင် စုစုပေါင်း ၂၅ ဦး၏ ဆေးစစ်မှုဆိုင်ရာ လျှို့ဝှက်အချက်အလက်များ ဟက်ကာများ၏ ခိုးယူခြင်းခံခဲ့ရကြောင်း ကမ္ဘာ့တားမြစ်ဆေး တိုက်ဖျက်ရေးအေဂျင်စီ WADA က အတည်ပြု ထုတ်ပြန်ခဲ့သည်။Fancy Bears ဟု ထင်ရှားသည့် ရုရှားအခြေစိုက် ဟက်ကာအဖွဲ့သည် WADA ၏ တားမြစ်ဆေး တိုက်ဖျက်ရေးထိန်းချုပ်မှုနှင့် စီမံခန့်ခွဲမှုစနစ် (ADAMS)သို့ ဝင်ရောက်၍ အချက်အလက်များကို ခိုးယူခဲ့ပြီး စက်တင်ဘာ ၁၃ ရက်မှစ၍ နာမည်ကြီး အားကစားသမားများ၏ လျှို့ဝှက်ဆေးမှတ်တမ်းများကို ၎င်းတို့၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် ဖွင့်ချခဲ့သည်။၎င်းတို့၏ဖော်ထုတ်မှုတွင် အိုလံပစ် ရွှေတံဆိပ်ဆုရှင် အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံနှင့် ဗီးနပ်စ်ဝီလျံ၊ ကျွမ်းဘားမယ် ဆီမြွန်နီဘိုင်းလ်တို့ ပါဝင်ခဲ့ပြီး စက်တင်ဘာ ၁၄ ရက်က ထပ်မံထုတ်ပြန်သည့်စာရင်းတွင် Tour de France ချန်ပီယံ ဗြိတိန်စက်ဘီးသမား ခရစ္စဖရွမ်းနှင့် အိုလံပစ် ရွှေတံဆိပ်ဆုရှင် ဆာဘရက်ဒလေဝစ်ဂင်တို့လည်း ပါဝင်လာခဲ့သည်။ထို့ကြောင့် WADA က အမေရိကန်နှင့် ဗြိတိန် အပါအဝင် စုစုပေါင်းကစားသမား ၂၅ ဦး၏ အချက်အလက်များ ခိုးယူခံထားရကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ “ Fancy Bears အဖွဲ့က WADA ရဲ့ ADAMS စနစ်ကို ထိုးဖောက်ဝင်ရောက်ပြီး ကစားသမားတွေရဲ့ အချက်အလက်တွေကို ထပ်မံရယူသွားခဲ့ပါတယ်။ စက်တင်ဘာ ၁၃ ရက်မှာ အေဂျင်စီက ကြေညာခဲ့တဲ့ အချက်အလက် ခိုးယူခံရမှုနဲ့ အလားတူပါပဲ။ အခုအချိန်အထိ အဲဒီအဖွဲ့က ကစားသမားတွေရဲ့ လျှို့ဝှက်ဆေးမှတ်တမ်းကို ထုတ်ပြန်နေတာ ၂၅ ဦးရှိနေပါပြီ။ သူတို့ပစ်မှတ်ထားတဲ့ အားကစားသမားတွေက အမေရိကန်က ၁၀ ဦး၊ ဂျာမနီက ငါးဦး၊ ဗြိတိန်က ငါးဦး၊ ချက်၊ ဒိန်းမတ်၊ ပိုလန်၊ ရိုမေးနီးယားနဲ့ ရုရှားက တစ်ဦးစီ ပါဝင်ပါတယ်”  ဟု WADA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ယင်းအချက်အလက်များ ခိုးယူခံရမှုနောက်ကွယ်တွင် ရုရှားအစိုးရ ပါဝင်ပတ်သက်မှုရှိကြောင်း သတင်းများ ထွက်ပေါ်နေရာ အားကစားဝန်ကြီး ဗစ်တာလီမူကိုက ငြင်းဆန်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent