ဒူတာတေးက တရားရေးအရာရှိကို သတ်ခဲ့ကြောင်း ကွပ်မျက်ရေးအဖွဲ့ဝင်က ဖိလစ်ပိုင် အထက်လွှတ်တော်သို့ ပြောကြား

ဒူတာတေးက တရားရေးအရာရှိကို သတ်ခဲ့ကြောင်း ကွပ်မျက်ရေးအဖွဲ့ဝင်က ဖိလစ်ပိုင် အထက်လွှတ်တော်သို့ ပြောကြား
Published 15 September 2016
Ref: AFP

ဖိလစ်ပိုင်သမ္မတအပေါ် စွပ်စွဲမှုများ ပြင်းထန်နေချိန်၌ ရိုဒရီဂိုဒူတာတေးသည် တရားရေးဌာနမှ အရာရှိတစ်ဦးကို ပစ်သတ်ခဲ့ပြီး အတိုက်အခံများကို သတ်ဖြတ်ရန် အမိန့်ပေးခဲ့သည်ဟု ကွပ်မျက်ရေးတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးက အထက်လွှတ်တော်သို့ စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။မိမိကိုယ်မိမိ ကွပ်မျက်ရေးအဖွဲ့ဝင်ဟု ဖော်ပြသူတစ်ဦးက အထက်လွှတ်တော် ကြားနာရေးအဖွဲ့အား သူသည် ရဲတပ်ဖွဲ့ဝင် အုပ်စုတစ်စု၊ ကွန်မြူနစ်သူပုန်ဟောင်းအချို့နှင့်အတူ  ဒူတာတေး၏ အမိန့်အရ ၂၅ နှစ်အတွင်း လူပေါင်း ၁၀၀၀ ခန့် သတ်ဖြတ်ခဲ့ကြောင်းနှင့် လူတစ်ဦးကိုဆိုလျှင် အရှင်လတ်လတ် မိကျောင်းစာ ကျွေးခဲ့ကြောင်း ပြောကြားခဲ့သည်။အခြားလူများစွာတို့ကို ကြိုးပေးသတ်ခြင်း၊ မီးရှို့သတ်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ထားကာ ကွပ်မျက်ရေးအဖွဲ့ဝင် တစ်ဦးဖြစ်သော ရဲအရာရှိတစ်ဦး ပိုင်ဆိုင်သည့် မိုင်းတွင်း၌ မြှုပ်နှံခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ အခြားသူများကိုလည်း ပင်လယ်ထဲသို့ ပစ်ချကာ ငါးစာကျွေးခဲ့သေးကြောင်း ၎င်းကပြောကြားခဲ့သည်။အဂ္ဂါမာတိုဘေတို (၅၇ နှစ်) သည် အထက်လွှတ်တော်ရှေ့မှောက်၌ ယင်းစွပ်စွဲချက်များကို ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။ အထက်လွှတ်တော်သည် ဒူတာတေး၏ ရာဇဝတ်မှုတိုက်ဖျက်ရေး နှိမ်နင်းမှုအတွင်း တရားဥပဒေမဲ့ သတ်ဖြတ်ခဲ့မှုများ ရှိသည်ဟူသော စွပ်စွဲမှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်နေသည်။ ရဲတပ်ဖွဲ့က ဒူတာတေး အာဏာရရှိခဲ့ပြီးနောက် ပထမ ၇၂ ရက်အတွင်း၌ပင် လူပေါင်း ၃၁၄၀ သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။လူ့အခွင့်အရေးကော်မရှင် အကြီးအကဲ  အထက်လွှတ်တော်အမတ် လိုင်လာဒီလီမာ က မာတိုဘေတိုသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ထံသို့ ၂၀၀၉ ခုနှစ်တွင် အလင်းဝင်ခဲ့ပြီး မကြာသေးမီက သက်သေကို ကာကွယ်စောင့်ရှောက်ပေးရေး အစီအစဉ်တစ်ရပ်အောက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ဒူတာတေး၏ ပြောရေးဆိုခွင့်ရှိသူက ယခုစွပ်စွဲချက်များကို ယခင်က တရားစွဲဆိုမှုမရှိဘဲ စုံစမ်းစစ်ဆေးခဲ့ဖူးကြောင်းနှင့် သို့သော် ဒူတာတေး၏သား ပေါ်လိုဒူတာတေးက ယင်းသက်သေခံ ထွက်ဆိုချက်ကို “အရူးတစ်ယောက်၏ ထွက်ဆိုချက်မျှသာ”ဖြစ်သည်ဟု ခေါ်ဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။မာတိုဘေတိုက ၁၉၉၃ ခုနှစ်တွင် သူနှင့် အခြားကွပ်မျက်ရေး အဖွဲ့ဝင်တို့သည် စစ်ဆင်ရေးတစ်ခုအတွင်း အမျိုးသား စုံစမ်းစစ်ဆေးရေးဗျူရို၏ တရားရေးဌာနမှ အေးဂျင့်တစ်ဦး၏ကားက ပိတ်ဆို့ထားသော လမ်းတစ်လမ်းကို ချဉ်းကပ်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့သည် အဆိုပါအေးဂျင့် နှင့် ထိပ်တိုက်တွေ့ကာ ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် ထိုစဉ်က ဒါဗာအိုမြို့တော်ဝန်ဖြစ်သော ဒူတာတေးသည် အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။“အဲဒီအေးဂျင့်ကို လက်စတုံးပစ်ခဲ့တာက မြို့တော်ဝန် ဒူတာတေးပါ။ ဂျာမီဆိုလာ (တရားရေးဌာနအရာရှိ) ဟာ ဒူတာတေး ရောက်လာတော့ အသက်ရှင်နေတုန်းပါပဲ။ ဒူတာတေးက အူဇီမဂ္ဂဇင်းဘောက်စ် နှစ်ခုကုန်တဲ့အထိ သူ့ကို ပစ်ခတ်ခဲ့တယ်”ဟု မာတိုဘေတိုက ပြောကြားခဲ့သည်။ဒူတာတေးသည် လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်ခုအတွင်း အချိန်အများစု၌ သူ မြို့တော်ဝန်အဖြစ် ထမ်းဆောင်ခဲ့သော ဒါဗာအိုတွင် လူပေါင်း ၁၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့သည့် ကွပ်မျက်ရေးအဖွဲ့အား နောက်ကွယ်မှ ကြိုးကိုင်နေသူဖြစ်ကြောင်း စွပ်စွဲများ ဖြစ်ပေါ်နေသည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယခုကျမှ ပထမဆုံးအကြိမ်အဖြစ် ရက်စက်ကြမ်းကြုတ်သော အသေးစိတ်အချက်အလက်များသည် မာတိုဘေတို၏ ထွက်ဆိုမှုကြောင့် ပေါ်ထွက်လာခြင်း ဖြစ်သည်။

Most Read

Most Recent