ဘာလီတွင် ကမ္ဘာလှည့်ခရီးသွားစက်လှေ ပေါက်ကွဲမှုကြောင့် ခရီးသွား အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရ

ဘာလီတွင် ကမ္ဘာလှည့်ခရီးသွားစက်လှေ ပေါက်ကွဲမှုကြောင့် ခရီးသွား အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရ
Published 15 September 2016
Ref:AFP

အင်ဒိုနီးရှားနိုင်ငံ အပန်းဖြေစခန်း ဘာလီကျွန်းတွင် ကမ္ဘာလှည့်ခရီးသွားစက်လှေ ပေါက်ကွဲခဲ့မှုကြောင့် စက်တင်ဘာ ၁၅ ရက်က နိုင်ငံခြားခရီးသွား အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ် နိုင်ငံခြားသား ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အမြန်သွားစက်လှေ ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းအရင်းအား ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ဗုံးကြောင့် မဟုတ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။အင်ဒိုနီးရှား၏ ရေကြောင်းလုံခြုံရေးမှတ်တမ်းသည် ညံ့ဖျင်းပြီး ယခင်ကလည်း အဖြေရှာမတွေ့သော အလားတူပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ ဂီလီထရာဝါဂန်ကျွန်းအနီးသို့ ဆိုက်ကပ်ရန် ဦးတည်နေသော စက်လှေသည် ခရီးသည် ၃၅ ဦး တင်ဆောင်လာပြီး အားလုံးသည် နိုင်ငံခြားသားများဖြစ်ကြောင်း သိရသည်။ပါဒန်ဘိုင်ဆိပ်ကမ်းမှ ထွက်ခွာလာခဲ့သော စက်လှေသည် ၅ မိနစ်ခန့်အကြာတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံရဲမှူး ဆူဂန်ဆူဒါဆိုက ပြောကြားခဲ့သည်။ စက်လှေသည် ဆိပ်ကမ်းမှ မီတာ ၂၀၀ ခန့် သာဝေးသော နေရာအရောက်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ခေါင်းဒဏ်ရာများကြောင့် ခရီးသွားအမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ဒဏ်ရာရသော ခရီးသွားများတွင် ပေါ်တူဂီ၊ ဂျာမနီ၊ သြစတြေးလျ၊ တောင်ကိုရီးယားနှင့် ဗြိတိန်တို့မှ ပါဝင်ကြောင်း အကြို စုံစမ်းစစ်ဆေးမှု ရလဒ်များက ဖော်ပြခဲ့သည်။ ပေါက်ကွဲမှုအား စုံစမ်းစစ်ဆေးနေပြီး ရဲနှင့် ဗုံးရှင်းလင်းရေးတပ်ဖွဲ့မှ ဆူဒါဆိုက ပြောကြားခဲ့သည်။ သို့သော်လည်း ဗုံးကြောင့် ပေါက်ကွဲခြင်း မဟုတ်ကြောင်း သူက ထပ်မံပြောကြားခဲ့သည်။“ခရီးသည်တွေကို စစ်ဆေးမေးမြန်းမှုအရ၊ ပြီးတော့ အခင်းဖြစ်တဲ့နေရာကို ကျွန်တော်တွေ့ခဲ့တာနဲ့ဆို ဒီပေါက်ကွဲမှုဟာ လောင်စာကန်က ဖြစ်ခဲ့တာပါ”ဟု ဆူဒါဆို က ပြောကြားခဲ့သည်။ လောင်စာကန်၏ အပေါ်တွင် ဘက်ထရီတစ်လုံး ရှိနေခဲ့ပြီး ဘက်ထရီ မီးတောက်များက လောင်စာကန်ကို မီးကူးခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ အင်ဒိုနီးရှားသည် ကျွန်းပေါင်း ၁၇၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားပြီး ကူးတို့ဝန်ဆောင်မှုကို ကြီးကြီးမားမား မှီခိုနေရသည်။သို့သော်လည်း ရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းသည် ဘေးအန္တရာယ်ကင်းရှင်းမှု စံချိန်နိမ့်ကျပြီး လူအသေအပျောက်များသော မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ယမန်နှစ်က ဘာလီနှင့် လမ်ဘော့ကျွန်းကို ကူးသန်းသော ကူးတို့ယာဉ်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ကမ္ဘာလှည့်ခရီးသွား ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့သည်။ ထိုစဉ်က ကူးတို့သင်္ဘောတွင် ခရီးသည် ၁၂၉ ဦးလိုက်ပါခဲ့ပြီး အများစုသည် ကမ္ဘာလှည့်ခရီးသွားများ ဖြစ်ကြသည်။

Most Read

Most Recent