မီရန်တီတိုင်ဖွန်း ထိုင်ဝမ်ကို မွှေနှောက်ပြီးနောက် တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်

မီရန်တီတိုင်ဖွန်း ထိုင်ဝမ်ကို မွှေနှောက်ပြီးနောက် တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်
Published 15 September 2016
Ref: AFP

ထိုင်ဝမ်ကို ဝင်ရောက်မွှေနှောက်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် မီရန်တီတိုင်ဖွန်းသည် စက်တင်ဘာ ၁၅ ရက်က တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။ တစ်နာရီ ၁၀၅ မိုင် (ကီလိုမီတာ ၁၇၀) ထိ လေတိုက်နှုန်းရှိခဲ့သော စူပါတိုင်ဖွန်းကြောင့် ရှားမင်မြို့အနီးတွင် မြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာ ဆင်ဟွာက ဖော်ပြခဲ့သည်။ရှားမင်မြို့တွင် ရေကြီးခဲ့ပြီး လေပြင်းကြောင့် သစ်ပင်များနှင့် ဓာတ်အားလိုင်းများ ပြိုလဲခဲ့ကြောင်း ဆင်ဟွာက ဖော်ပြခဲ့သော ဓာတ်ပုံများတွင် ပါရှိခဲ့သည်။ သို့သော်လည်း အသေအပျောက်ကို မသိရသေးပေ။ ၆၇ နှစ်အတွင်း အပြင်းဆုံး မုန်တိုင်းအဖြစ် ဖူကျန်ပြည်နယ်သို့ ဝင်ရောက်ခဲ့သော မီရန်တီတိုင်ဖွန်းကြောင့် လူဦးရေ ၃ ဒသမ ၅ သန်းရှိသော ရှားမင်မြို့တွင် နေရာအများစု၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်း ရှားမင်၏ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးသူများက ပြောကြားခဲ့သည်။ဆောင်းဦးရာသီပွဲတော်အတွက် မိသားစုတွေ့ဆုံပွဲများ ဆင်နွှဲရန် ရှားမင်တွင် ကျောင်းများနှင့် စီးပွားရေးလုပ်ငန်းများကို  ပိတ်ထားခဲ့ပြီး ဖြစ်သည်။ ဖူကျန်ပြည်နယ်မှ အိမ်နီးချင်း ကျန်ရှီးပြည်နယ်သို့ ရထားပို့ဆောင်မှုများလည်း ရပ်ဆိုင်းထားကြောင်း သိရသည်။ မီရန်တီသည် ထိုင်ဝမ်ကို စက်တင်ဘာ ၁၄ ရက်က ဝင်ရောက်ခဲ့ပြီးနောက် တစ်ဦးသေဆုံးခဲ့ပြီး ၃၈ ဦး ဒဏ်ရာရရှိခဲ့သည်။ မီရန်တီသည် ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်ကို ဖျက်ဆီးခဲ့သော စူပါတိုင်ဖွန်း ဟိုင်ရန်နောက်ပိုင်း အင်အား အပြင်းဆုံး မုန်တိုင်း ဖြစ်သည်။၂၁ နှစ်အတွင်း အင်အားအပြင်းဆုံး စံချိန်တင် လေတိုက်နှုန်းဖြင့် ထိုင်ဝမ်တောင်ပိုင်းကို ဝင်ရောက်ခဲ့သော မီရန်တီကြောင့်  အသက် ၅၈ နှစ်အရွယ် ငါးဖမ်းသမားတစ်ဦး ရေထဲ ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။ဒဏ်ရာရသူ အများစုမှာလည်း အရာဝတ္ထုများ ပြိုကျမှုကြောင့် ဒဏ်ရာရရှိခဲ့ကြခြင်း ဖြစ်သည်။ မီရန်တီကြောင့် အိမ်ထောင်စု ၃၅၀၀၀၀ ခန့် စက်တင်ဘာ ၁၅ ရက်ထိ လျှပ်စစ်မီး ပြတ်တောက်ခဲ့ရသည်။ မုန်တိုင်းအပြင်းဆုံးအချိန်တွင် အိမ်ထောင်စု တစ်သန်းကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရသည်။ ထိုင်ဝမ်သည် မကြာမီ ထပ်မံဝင်ရောက်လာဖွယ်ရှိသော မာလာကာတိုင်ဖွန်းအတွက်လည်း ပြင်ဆင်နေရသည်။ မာလာကာသည် စက်တင်ဘာ ၁၇ ရက်တွင် ထိုင်ဝမ်အရှေ့ ဘက်ကမ်းရိုးတန်းကို ဝင်ရောက်မည်ဟု ခန့်မှန်းထားကြသည်။ထိုင်ဝမ်တွင် အင်အား ပြင်းထန်ခဲ့သော မီရန်တီသည် တရုတ်သို့ ဝင်ရောက်ချိန်တွင် အားပျော့ခဲ့သော်လည်း နောက်ထပ် ၄၈ နာရီအထိ မိုးသည်းထန်ခြင်း၊ ရေကြီးခြင်းတို့ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း မိုးလေဝသ ခန့်မှန်းသူများက ဆိုသည်။ 

Most Read

Most Recent