ဥရောပ၏ ဒုက္ခသည်များအား နေရပ်နိုင်ငံများတွင် ပြန်လည် တည်ဆောက်ရေးအတွက် ရည်ရွယ်၍ ပညာသင်ကြား ပေးကြရန် ဒလိုင်းလားမား တိုက်တွန်း

ဥရောပ၏ ဒုက္ခသည်များအား နေရပ်နိုင်ငံများတွင် ပြန်လည် တည်ဆောက်ရေးအတွက် ရည်ရွယ်၍ ပညာသင်ကြား ပေးကြရန် ဒလိုင်းလားမား တိုက်တွန်း
Published 14 September 2016

စစ်ပွဲကြောင့် ပျက်စီးနေသော အရှေ့အလယ်ပိုင်း နိုင်ငံများမှ အများစု ရောက်လာကြသည့် ဒုက္ခသည်များအား ၎င်းတို့၏ နေရပ်နိုင်ငံများတွင် ပြန်လည်တည်ဆောက်ရေး အတွက် ရည်မှန်း၍ ပညာရေးကို အလေးပေး ဆောင်ရွက်ကြရန် ဒလိုင်းလားမားက ဥရောပကို တိုက်တွန်းခဲ့သည်။
“သူတို့ကို ပညာသင်ကြားပေးပါ။ အထူးသဖြင့် ကလေးတွေကိုပါ။ ဒါမှ တဖြည်းဖြည်းနဲ့ ဒီဒုက္ခသည်တွေဟာ သူတို့နေရပ်ကို ပြန်သွားကြပြီး သူတို့နိုင်ငံတွေကို ပြန်လည် တည်ဆောက်ကြမှာပါ” ဟု ပြင်သစ်သို့ ရောက်ရှိနေသည့် တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားက ပြောကြားခဲ့သည်။
အသက်  ၈၁ နှစ်အရွယ် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဒလိုင်းလားမားက ဒုက္ခသည် အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာတွင် ဘုံအကျိုးစီးပွား၏ အရေးကြီးမှုအား ထည့်သွင်းစဉ်းစားကြရန် ဥရောပသမဂ္ဂကို တိုက်တွန်းခဲ့သည်။
ပြီးခဲ့သည့်နှစ်က ဒုက္ခသည်နှင့် ရွှေ့ပြောင်းအခြေချ တစ်သန်းကျော်သည် ဥရောပသို့ ဝင်ရောက်လာခဲ့ကြပြီး အများစုသည် ဆီးရီးယား၊ အီရတ်၊ အာဖဂန်နစ္စတန်တို့မှ ထွက်ပြေးလာကြသူများဖြစ်သည်။ ၁၉၈၉ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒလိုင်းလားမားက ဒုက္ခသည်များ ထွက်ပြေးလာကြရန် ဖြစ်စေသည့် ဆိုးရွားလှသော အခြေအနေကို စာနာပြောကြားခဲ့ပြီး “အများကြီးသေကြ။ ပြီးတော့ အပြစ်မရှိတဲ့ ကလေးတွေနဲ့ လူကြီးတွေ တော်တော်လေး ဒုက္ခရောက်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။
၁၉၅၉ ခုနှစ်တွင် တရုတ်အုပ်ချုပ်မှုအား ပုန်ကန်မှု မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် လူထောင်ပေါင်း များစွာနှင့်အတူ အိန္ဒိယသို့ ထွက်ပြေးလာခဲ့သည့် ဒလိုင်းလားမားက “ကျွန်တော်တို့ တိဘက်ဒုက္ခသည်တွေ အားလုံးဟာ ကျွန်တော်တို့ နိုင်ငံကိုပြန်ဖို့ အမြဲတမ်း တွေးနေပါတယ်” ဟု ပြောကြားခဲ့သည်။
တိဘက်အဝေးရောက် အစိုးရက အခြေစိုက်သော အိန္ဒိယမြောက်ပိုင်း ဓမ္မသာလာမြို့ အနီးဝန်းကျင်တွင် တိဘက်ဒုက္ခသည် အမြောက်အမြား အခြေချနေထိုင်ကြသည်။ တိဘက်အစိုးရကို မည်သည့်နိုင်ငံကမှ အသိအမှတ်မ ပြုထားပေ။
ငါးနှစ်အတွင်း ပြင်သစ်သို့ ပထမဆုံး ရောက်ရှိခဲ့သည့် ဒလိုင်းလားမားက စက်တင်ဘာ ၁၈ ရက်အထိ ပြင်သစ်တွင် နေထိုင်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း ပြင်သစ်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။ ဘာသာစုံဆွေးနွေးပွဲ၊ သဘာ၀ ပတ်ဝန်းကျင်ရေးရာနှင့် တိဘက်ယဉ်ကျေးမှုတို့ကို ဒလိုင်းလားမား၏ ခရီး၌ အဓိက အာရုံစိုက်မည်ဖြစ်သည်။ တရုတ်အစိုးရက ဒလိုင်းလားမားသည် ဘာသာရေး အကြမ်းဖက်မှုဖြင့် တိဘက် လွတ်လပ်ရေးကို ကြိုးပမ်းနေသော “သင်္ကန်းဝတ် ဝံပုလွေ” ဟု စွပ်စွဲထားသည်။ 
Ref : AFP

Most Read

Most Recent