ကမ္ဘာ့အကြီးဆုံး အပျော်စီး သင်္ဘောကြီးတွင် မတော်တဆမှု ဖြစ်ပွားခဲ့ရာ ဖိလစ်ပိုင် သင်္ဘောသားတစ်ဦး သေဆုံး

ကမ္ဘာ့အကြီးဆုံး အပျော်စီး သင်္ဘောကြီးတွင် မတော်တဆမှု ဖြစ်ပွားခဲ့ရာ ဖိလစ်ပိုင် သင်္ဘောသားတစ်ဦး သေဆုံး
Published 14 September 2016

ကမ္ဘာ့အကြီးဆုံး အပျော်စီးသင်္ဘောကြီး ဖြစ်သော Harmony of the Seas သည် ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ မာဆေးဆိပ်ကမ်း၌ ကျောက်ချထားစဉ် စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့သည့် လုံခြုံရေး သရုပ်ပြ လေ့ကျင့်မှု တစ်ခုအတွင်း ဖိလစ်ပိုင် သင်္ဘောသားတစ်ဦး သေဆုံးခဲ့သည်ဟု ထိုဆိပ်ကမ်းမြို့၏ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
လေ့ကျင့်မှု ပြုလုပ်နေစဉ်အတွင်း အသက် ၄၂ နှစ်အရွယ် ထိုဖိလစ်ပိုင် အမျိုးသားနှင့် အခြားသော သင်္ဘောသားလေးဦး လိုက်ပါလာသော အသက်ကယ်လှေသည် ရေအောက် အနက် ၁၀ မီတာ (၃၅ ပေ)အထိ နစ်မြုပ်သွားခဲ့သည်ဟု သိရသည်။ ဒဏ်ရာရသွားသည့် ကျန်လေးဦးအနက် နှစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည်ဟု သိရသည်။
ထိုလေးဦးတွင် သုံးဦးမှာ ဖိလစ်ပိုင် လူမျိုးများဖြစ်ပြီး တစ်ဦးမှာ အိန္ဒိယလူမျိုး ဖြစ်သည်ဟု သိရသည်။ အသက်ကယ်လှေပေါ်၌ ၎င်းတို့ငါးဦး ရှိနေစဉ် လှေအား ချည်နှောင်ထားသော လုံခြုံရေးကြိုးများ ပြတ်သွားပြီး ရေထဲသို့ ပြုတ်ကျသွားခြင်း ဖြစ်သည်ဟု မာဆေးဒုတိယမြို့တော်ဝန် ဂျူလီယန်ရူအက်က ပြောကြားခဲ့သည်။
အဆိုပါ အပျော်စီး သင်္ဘောကြီးတွင် အလားတူ လေ့ကျင့်မှုများကို အပတ်စဉ် ပြုလုပ်လေ့ရှိသည်ဟု သိရသည်။ ၃၆၂ မီတာ ရှည်သော Harmony of the Seas သင်္ဘောကြီးသည် မြေထဲပင်လယ်ထဲရှိ စပိန်ပိုင် မာယော့ကာကျွန်းမှ မာဆေးဆိပ်ကမ်းသို့ စက်တင်ဘာ ၁၃ ရက် အစောပိုင်းက ရောက်ရှိခဲ့ပြီး ထိုနေ့နှောင်းပိုင်းမှာပင် ပြန်လည်ထွက်ခွာရန် စီစဉ်ထားခဲ့သည်။                            
Ref : AFP

Most Read

Most Recent