ဒူတာတေးက အမေရိကန်အကြံပေးများအား ဖိလစ်ပိုင်တောင်ပိုင်းမှ ထွက်သွားရန် အမိန့်ပေး

ဒူတာတေးက အမေရိကန်အကြံပေးများအား ဖိလစ်ပိုင်တောင်ပိုင်းမှ ထွက်သွားရန် အမိန့်ပေး
Published 13 September 2016
Ref: AFP

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက မွတ်စလင် အစွန်းရောက်များနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ဒေသခံတပ်များကို အကြံပေးနေသော ဖိလစ်ပိုင်တောင်ပိုင်းရှိ အမေရိကန်အထူးတပ်ဖွဲ့ဝင်များအားလုံး ထွက်ခွာသွားရန် အမိန့်ပေးလိုက်ခြင်းဖြင့် စက်တင်ဘာ ၁၂ ရက်တွင် အမေရိကန်အား ရန်လုပ်မှုကို အရှိန်မြှင့်လိုက်သည်။ဒူတာတေးက အမေရိကန်သမ္မတ ဘာရက်အိုဘားမားကို “ ပြည့်တန်ဆာမသား ” ဟု ခေါ်ဆိုခဲ့မှုကြောင့် လာအိုတွင် ပြုလုပ်သော အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် နှစ်ဦးချင်းတွေ့ဆုံရန် အစီအစဉ်ကို အိုဘားမားက ဖျက်သိမ်းခဲ့ပြီး သီတင်းတစ်ပတ်အကြာတွင် ယခုအမိန့်ကို ထပ်မံထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။တောင်ပိုင်းမှ တက်လာသည့် ပထမဆုံး ဖိလစ်ပိုင်ခေါင်းဆောင်ဖြစ်သူ ဒူတာတေးက သူ့ကိုယ်သူ မွတ်စလင်အဆက်အနွှယ်မှ ဆင်းသက်လာသည်ဟု အခိုင်အမာ ပြောကြားခဲ့ပြီး လူပေါင်း ၁၅၀,၀၀၀ ထပ်မနည်း သေဆုံးခဲ့သည့် ဆယ်စုနှစ်များချီလျက် ကြာခဲ့ပြီးဖြစ်သော မွတ်စလင်နှင့် ကွန်မြူနစ်တို့ သူပုန်ထမှုများဖြစ်ပွားရာ ဖိလစ်ပိုင်တောင်ပိုင်း၌ ငြိမ်းချမ်းရေးရရှိရန် အားထုတ်မှုများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ဒူတာတေးသည် လွန်ခဲ့သည့်လက အကြီးဆုံးခွဲထွက်ရေးအဖွဲ့ဖြစ်သည့် အင်အား ၁၂,၀၀၀ ရှိသော မိုရိုအစ္စလာမ္မစ်လွတ်မြောက်ရေးတပ်ဦး (MILF) တပ်ဦးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြန်လည်စတင်ခဲ့သည်။ MILF သည် အခြားအဖွဲ့များကဲ့သို့ပင် လွတ်လပ်သော အစ္စလာမ္မစ်ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရန်အတွက် ၁၉၇၀ ပြည့်လွန်နှစ်များမှစ၍ တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည်။ဖိလစ်ပိုင်တောင်ပိုင်းတွင် အမေရိကန် အကြံပေးများသည် ဖိလစ်ပိုင်တပ်များအား  လေ့ကျင့်ပေးရာ၌ ကူညီရသော်လည်း မိမိကိုယ်မိမိ ကာကွယ်မှုမှလွဲ၍ တိုက်ပွဲ၌ ပါဝင်ခြင်းမပြုရန် ပိတ်ပင်တားဆီးခံထားရသည်။ယခင်က မင်ဒါနာအိုဒေသတစ်လျှောက်တွင် အမေရိကန်အထူးတပ်ဖွဲ့ဝင် ၅၀၀ မှ ၆၀၀ ခန့် တာဝန်ချထားသော်လည်း ၂၀၁၄ ခုနှစ်တွင် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဗော်လတဲယားဂက်ဇ်မင်က ၂၀၀ အထိ လျှော့ချမည်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။ဒူတာတေးက မည်သည့်အချိန်၌ အမေရိကန်မည်မျှကို ဖယ်ရှားမည်ဆိုသည်နှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိသော်လည်း ဖိလစ်ပိုင်အနေဖြင့် အနောက်တိုင်းနှင့် မဟာမိတ်ပြုခြင်းသည် မွတ်စလင်သူပုန်ထမှု ရှည်ကြာရခြင်း၏ ဇာစ်မြစ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။“ ဒီအမေရိကန် အထူးတပ်ဖွဲ့ဝင်တွေ မင်ဒါနာအိုကို သွားမယ်။ မွတ်စလင်တွေက ပိုပြီး ဒေါသထွက်လာလိမ့်မယ်။ သူတို့ အမေရိကန်တစ်ယောက်ကိုတွေ့ရင် သူတို့က တကယ်ကို သတ်ပစ်လိုက်ကြမှာပဲ” ဟု ဒူတာတေးက အစိုးရဝန်ထမ်းများ စုဝေးပွဲတစ်ရပ်၌ ပြောကြားခဲ့သည်။အမေရိကန်၏ ပင်တဂွန်စစ်ဌာနချုပ်က ဒူတာတေး၏ ထုတ်ပြန်ချက်ကို သတိပြု မိကြောင်း ပြောကြားခဲ့သော်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်များက ဆက်သွယ်အကြောင်းကြားခဲ့ခြင်း မရှိဟု ဆိုသည်။

Most Read

Most Recent