၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း၏ လိုငွေအနက် ကျပ် ၁၂၃၆ ဘီလျံကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးငွေရယူရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း၏ လိုငွေအနက် ကျပ် ၁၂၃၆ ဘီလျံကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးငွေရယူရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု
Published 12 September 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း

၂၀၁၆-၂၁၀၇ ဘဏ္ဍာရေးနှစ် ဖြစ်ပေါ်လာမည့် ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း၏ လိုငွေအနက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ခန့်မှန်းလျာထားချက်အတိုင်း ကျပ် ၁၂၃၆ ဘီလျံကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးငွေရယူရန် စက်တင်ဘာ ၁၂ ရက်က ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုခဲ့သည်။
ထိုသို့ ဖြစ်ပေါ်လာမည့် ပြည်ထောင်စု အစိုးရအပ်ငွေစာရင်း၏ လိုငွေအနက် ကျပ် ၁၂၃၆ ဘီလျံကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးငွေရယူရန် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက သြဂုတ် ၂၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြကာ သက်ဆိုင်ရာ အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းခဲ့ပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံသူများသောကြောင့် လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အရအသုံးဆိုင်ရာ ဥပဒေအရနှင့် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု ဥပဒေတို့အရ အစိုးရအဖွဲ့သည် နိုင်ငံတော်ကိုယ်စား ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ ပြည ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ချေးယူနိုင်ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အက်ဥပဒေအရ ဗဟိုဘဏ်သည် ပြည်ထောင်စု လွှတ်တော်၏ ခွင့်ပြုချက်ဖြင့် အစိုးရအဖွဲ့သို့ ငွေထုတ်ချေးနိုင်ကြောင်း ပြောကြားသည်။
“အစိုးရအဖွဲ့သည် ပြည်တွင်းဈေးကွက်မှ ငွေချေးယူသည့်အခါ လက်ရှိအခြေအနေတွင် ပြည်တွင်းဈေးကွက်များ ကောင်းစွာ ဖွံ့ဖြိုးမှု မရှိသေးသဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ချေးယူရခြင်းဖြစ်ပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အစိုးရက အမှန်တကယ် ချေးယူရရှိသည့်ငွေ စုစုပေါင်းသည် ကျပ်သန်းပေါင်း လေးဆယ့်ငါးသိန်းထက် မပိုစေရဟု ပြဋ္ဌာန်းထားသဖြင့် ပြည်ပမှ ချေးယူရန် လျာထားငွေကျပ် ၁၄၀၉ ဘီလျံ ကိုနုတ်ပါက ပြည်တွင်းမှ ချေးယူနိုင်သည့် ပမာဏမှာ ကျပ် ၃၀၉၁ ဘီလျံ ဖြစ်ပါတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။
ယင်းသို့ လိုငွေဖြည့်ဆည်းရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အစိုးရငွေတိုက် လက်မှတ်ဖြင့် ဝယ်ယူခြင်း ကျပ် ၁၂၃၆ ဘီလျံ (၄၀ ရာခိုင်နှုန်း)၊ အစိုးရငွေတိုက် လက်မှတ်များ လေလံစနစ်ဖြင့် ရောင်းချခြင်း ကျပ် ၉၂၇ ဘီလျံ (ရာခိုင်နှုန်း ၃၀ )၊ အစိုးရငွေတိုက် စာချုပ်များ လေလံစနစ်ဖြင့် ရောင်းချခြင်း ကျပ် ၉၂၇ ဘီလျံ (ရာခိုင်နှုန်း ၃၀)၊ စုစုပေါင်း ကျပ် ၃၀၉၀ ဘီလျံဖြင့် ဖြည့်ဆည်းရန် လျာထားကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၉၁ အရ ဗဟိုဘဏ်သည် ပြည်ထောင်စု လွှတ်တော်၏ ခွင့်ပြုချက်ဖြင့်သာ အစိုးရအဖွဲ့သို့ ငွေချေးခွင့်ရှိကြောင်း၊ ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း၏ လိုငွေအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ခန့်မှန်းလျာထားချက်အတိုင်း ကျပ် ၁၂၃၆ ဘီလျံကို ၉၂ ရက်သက်တမ်းရှိ အစိုးရငွေတိုက်လက်မှတ် ဝယ်ယူခြင်းဖြင့် ထုတ်ချေးနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ခန့်မှန်းလျာထားချက်အတိုင်း ကျပ် ၁၂၃၆ ဘီလျံကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဖြည့်ဆည်းပေးရာတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစ၍ အစိုးရငွေတိုက် လက်မှတ်များအပေါ် လေလံ၌ပေးသော အတိုးနှုန်းဖြင့်ပေးရန် ကိစ္စအား ၂၀၁၆ ခုနှစ် ဇွန် ၂၁ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၆/၂၀၁၆) မှ သဘောတူခဲ့ကြောင်း၊ အစိုးရငွေတိုက် လက်မှတ်များ လေလံစနစ်ဖြင့် ရောင်းချရာတွင် ပေးသည့်အတိုးနှုန်းမှာ ၇ ရာခိုင်နှုန်းမှ ၈ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောကြားသည်။
ထို့ပြင် ငွေကြေးဖောင်းပွမှု (Inflaction) သည် ဗဟိုဘဏ်မှ ငွေချေးယူခြင်းနှင့် တိုက်ရိုက်ဆက်စပ်မှု မရှိကြောင်း၊ သွယ်ဝိုက်ဆက်စပ်မှုသာ ရှိကြောင်း၊ Central Bank Financing သည် ငွေဖောင်းပွမှုကို တွန်းအားပေးသကဲ့သို့ ဖြစ်စေသော်လည်း ငွေဖောင်းပွမှုနှုန်း တွက်ရာ၌ အသုံးပြုသည့် စားသုံးသူဈေးနှုန်း (CPI) တွက်ချက်နည်း၊ အခြေခံနှစ်သတ်မှတ်ပုံ၊ စာရင်းကောက်ယူသည့် ကုန်စည်အုပ်စုများ စသဖြင့် ရှုပ်ထွေးသည့်အပြင် ငွေဖောင်းပွမှုနှုန်း အတက်အကျသည် ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ ထုတ်လုပ်မှု၊ စားသုံးမှု၊ ရောင်းလိုအား၊ ဝယ်လိုအား လှည့်လည်သုံးစွဲနေသည့် ငွေကြေးပမာဏ၊ ငွေကြေးလည်ပတ်မှုအရှိန်၊ ပို့ကုန်၊ သွင်းကုန်၊ နိုင်ငံခြားငွေလဲလှယ်နှုန်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု အစရှိသည့် မေခရိုစီးပွားရေး အချက်အလက်များ အပေါ်တွင်လည်း မူတည်နေကြောင်း၊ ထို့ပြင် Seansonal Factor များ၊ External Factor များအ ပေါ်တွင်လည်း မူတည်ကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်းကို ခန့်မှန်းနိုင်သည့် သီအိုရီအရ နည်းလမ်းများ ရှိသော်လည်း Unexpected Factor များ၊ External Factor များ ပါဝင်နေသည့်အတွက် ခန့်မှန်းရန် အလွန်ခက် ခဲမည်ဖြစ်ကြောင်း၊ ခန့်မှန်းပါကလည်း အမှန် ဖြစ်ပေါ်မှုနှင့် နီးစပ်ရန်လွယ်ကူမည် မဟုတ်ကြောင်း၊ စီးပွားရေး တည်ငြိမ်နေသော ဖွံ့ဖြိုးပြီး နိုင်ငံများတွင်သာ လွယ်ကူမည်ဖြစ်ကြောင်း၊ မည်သို့ပင်ဆိုစေ နိုင်ငံတော် အနေဖြင့် Inflaction Rate ကို Single Digit တွင် ရှိနေစေရေး၊ သုံးသပ်ကြိုးပမ်း ဆောင်ရွက်သင့်သည်ကို တွေ့ရှိရကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ထည့်သွင်းရှင်းလင်းသည်။
ဗဟိုဘဏ်မှ ချေးယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်တွင် စက်ခလုတ် အသုံးပြု၍ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၅၂၃ မဲ၊ ကန့်ကွက်မဲ ခုနစ်မဲနှင့် ကြားနေမဲ ရှစ်မဲ ဖြစ်သဖြင့် ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း၏ လိုငွေအနက် ကျပ် ၁၂၃၆ ဘီလျံကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးငွေရယူရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။
 

Most Read

Most Recent