တရုတ်နိုင်ငံမှ ကမ္ဘာ့အမြင့်ဆုံးတံတား ဆောက်လုပ်ပြီးစီးတော့မည်

တရုတ်နိုင်ငံမှ ကမ္ဘာ့အမြင့်ဆုံးတံတား ဆောက်လုပ်ပြီးစီးတော့မည်
Published 12 September 2016

ကမ္ဘာ့အမြင့်ဆုံး ဖြစ်လာမည့် တံတားကြီးကို တရုတ်အင်ဂျင်နီယာများက အပြီးသတ်နေပြီဖြစ်ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။
နိုင်ငံအနောက်တောင်ပိုင်း တောင်တန်း ဒေသတွင်ရှိသော ပေဖန်ကျန့်ဟု အမည်ရသည့် ထိုတံတားကြီးသည် မြစ်တစ်စင်း၏ အပေါ်မှ ၅၆၅ မီတာ (၁၈၅၄ ပေ) တွင် တည်ရှိသည်ဟု ကွေကျိုးပြည်နယ်မှ သယ်ယူပို့ဆောင်ရေး ဌာန၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။
လက်ရှိကမ္ဘာ့အမြင့်ဆုံး ဖြစ်နေသည့် တံတားကြီးမှာ နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်ရှိ ဆီတူမြစ်ကိုဖြတ်၍ ဆောက်လုပ်ထားသော တံတားကြီးဖြစ်သည်။ ပေဖန်ကျန့် တံတားကြီးသည် ပြီးစီးသွားပါက ဆီတူမြစ် ကူးတံတားထက် ပိုမြင့်သွားလိမ့်မည်ဟု စက်တင်ဘာ ၁၁ ရက်က ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။ ပေဖန်ကျန့်တံတားကြီး၏ အစွန်းနှစ်ဖက်ကို စက်တင်ဘာ ၁၀ ရက်က ချိတ်ဆက်လိုက်ပြီ ဖြစ်သည်ဟု သိရသည်။
၁၃၄၁ မီတာ ရှည်လျားသည့် ပေဖန်ကျန့် တံတားကြီးကို ယခုနှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်မည်ဟု ခန့်မှန်းရသည်။ ထိုတံတားကြီးကြောင့် ကွေကျိုးပြည်နယ်ရှိ လျူဖန်းစွေမြို့မှ အိမ်နီးချင်း ယူနန်ပြည်နယ် ရွှမ်းဝေမြို့သို့ သွားရောက်သည့် ခရီးသည် ယခင်က ငါးနာရီကြာမြင့်ရာမှ နှစ်နာရီသာ ကြာတော့မည်ဟု နိုင်ငံပိုင်ရုပ်သံ စီစီတီဗီတွင် စက်တင်ဘာ ၁၂ ရက်က ဖော်ပြခဲ့သည်။
ကမ္ဘာ့အမြင့်ဆုံးတံတား အများအပြားမှာ တရုတ်နိုင်ငံတွင် ရှိသော်လည်း မြေပြင်မှ အမြင့်ကို ထည့်မတွက်ဘဲ တံတားကိုယ်ထည်ချည်း သက်သက်၏ အမြင့်ကိုသာတွက်ပါက ပြင်သစ်နိုင်ငံရှိ Millau တောင်ကြားဖြတ် တံတားသည် အမြင့်ဆုံး ဖြစ်နေဆဲဖြစ်သည်။ ထိုတံတား ကိုယ်ထည်၏ အမြင့်မှာ ၃၄၃ မီတာရှိကြောင်း သိရသည်။
Ref : AFP

Most Read

Most Recent