တောင်တရုတ် ပင်လယ်ထဲတွင် တရုတ်နှင့် ရုရှားတို့၏ ပူးတွဲစစ်ရေး လေ့ကျင့်မှု စတင်

တောင်တရုတ် ပင်လယ်ထဲတွင် တရုတ်နှင့် ရုရှားတို့၏ ပူးတွဲစစ်ရေး လေ့ကျင့်မှု စတင်
Published 12 September 2016

တောင်တရုတ် ပင်လယ်ထဲတွင် ပြုလုပ်မည့် တရုတ်နှင့် ရုရှားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် စက်တင်ဘာ ၁၂ ရက်တွင် စတင်ပြီဖြစ်ကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ရှစ်ရက်ကြာမြင့်မည့် ထိုပူးတွဲစစ်ရေး လေ့ကျင့်မှုသည် ကျွန်းစုများ၊ သောင်များအား ထိန်းချုပ်ခြင်း၊ သိမ်းယူခြင်းတို့ကို အဓိက လေ့ကျင့်သွားမည်ဟု တရုတ်ရေတပ်မှ ပြောခွင့်ရပုဂ္ဂိုလ် လီယန်ယင်က ပြောကြားခဲ့သည်။
အဆိုပါပူးတွဲစစ်ရေး လေ့ကျင့်မှုတွင် သင်္ဘောများ၊ ရေငုပ်သင်္ဘောများ၊ လေယာဉ်များ၊ သင်္ဘောကဲ့သို့ အသုံးပြုနိုင်သည့် ရဟတ်ယာဉ်များ၊ ရေတပ်များ၊ ကုန်းရေနှစ်သွယ် အသုံးပြုနိုင်သည့် စစ်ပစ္စည်းများ ပါဝင်မည်ဟု သိရသည်။ “အရင် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေထက် ယခုလေ့ကျင့်မှုဟာ အဖွဲ့အစည်း၊ တာဝန်၊ ထိန်းချုပ်မှုတွေမှာ ပိုမိုကျယ်ပြန့်ပါတယ်” ဟု လီယန်ယင်က ပြောကြားခဲ့သည်။
စက်တင်ဘာ ၁၂ ရက်တွင် စတင်ပြီဖြစ်သည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုကို တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် ရှန်ကျန်းမြို့၏ ကမ်းလွန်ပင်လယ်ပြင်တွင် ပြုလုပ်မည် ဖြစ်သည်။ နေရာအတိအကျကို မသိရသေးသော်လည်း အငြင်းပွား ရေပိုင်နက် နေရာများ ပါဝင်ဖွယ်မရှိပေ။
တရုတ်နှင့် ရုရှားနိုင်ငံတို့သည် စစ်ရေး အရသာမက သံတမန်ရေးအရပါ ရင်းနှီးမှုရှိသည်။ အထူးသဖြင့် အမေရိကန်ကို ဆန့်ကျင်ရာတွင် ရှီကျင်ပင်းနှင့် ဗလာဒီမာပူတင်တို့ သည် စည်းစည်းလုံးလုံး ရှိလေ့ရှိသည်။ ပြီးခဲ့သည့်နှစ် သြဂုတ်လကလည်း ရုရှားကမ်းလွန် ပင်လယ်ပြင်တွင် တရုတ်နှင့် ရုရှားတို့ပူးတွဲ လေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ရာ သင်္ဘော ၂၂ စင်း၊ လေယာဉ်အစင်း ၂၀ နှင့် ရေတပ်သား ၅၀၀ ကျော် ပါဝင်ခဲ့သည်။
တရုတ်နှင့် ရုရှားတို့၏ ပထမဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ယခင်နှစ်မေလက ပင်လယ်နက်နှင့် မြေထဲပင်လယ်ကြားရှိ ဥရောပရေပြင်တွင် ပြုလုပ်ခဲ့သည်။ ယင်းစစ်ရေး လေ့ကျင့်မှုသည် တရုတ်အတွက် ၎င်း၏နေရပ်မှ အဝေးဆုံးတွင် ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှု ဖြစ်ခဲ့သည်။
ဇူလိုင်က နိုင်ငံတကာခုံရုံးသည် တောင်တရုတ်ပင်လယ်၏ ရေပိုင်နက် အားလုံးနီးပါးအား ပိုင်ဆိုင်သည်ဟု တရုတ်၏ ပြောကြားမှုများမှာ ဥပဒေကြောင်းအရ တရားမဝင်ကြောင်းနှင့် တောင်တရုတ်ပင်လယ်ထဲမှ တရုတ်၏ ကျွန်းတုဆောက်လုပ်မှုများ အားလုံးမှာ တရားမဝင်ကြောင်း ဆုံးဖြတ်ချက်ချခဲ့သည်။ ယင်းဆုံးဖြတ်ချက်ကို တရုတ်အစိုးရက ဒေါသတကြီးတုံ့ပြန်ခဲ့ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် လူခါန်က တရုတ်၏ လုံခြုံရေး အကျိုးစီးပွားအပေါ် ရန်စသည့်လုပ်ရပ် လုပ်ဆောင်လာသော မည်သူ့ကိုမဆို ပြတ်ပြတ်သားသား တုံ့ပြန်မည်ဟု ခြိမ်းခြောက် ပြောကြားခဲ့သည်။
ရေပိုင်နက် အများအပြားအား ပိုင်ဆိုင်ကြောင်း တရုတ်၏ ပြောကြားချက်အပေါ် ထိုရေပိုင်နက်များကိုပင် ပိုင်ဆိုင်ကြောင်း ပြောနေသည့် အခြားနိုင်ငံများနှင့် အမေရိကန် နိုင်ငံတို့က ဝေဖန်လျက်ရှိသည်။ အမေရိကန် အစိုးရကလည်း လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် အတွက် အရေးပါသော ရေကြောင်းလမ်းများရှိသည့် တောင်တရုတ် ပင်လယ်ထဲသို့ စစ်သင်္ဘောများ ပုံမှန်စေလွှတ်ခဲ့သည်။
Ref : AFP

Most Read

Most Recent