သီတင်းပတ်ကုန်ရက် တိုက်ခိုက်မှုများအပြီး ဆီးရီးယားတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သစ် အာဏာစတင် သက်ဝင်

သီတင်းပတ်ကုန်ရက် တိုက်ခိုက်မှုများအပြီး ဆီးရီးယားတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သစ် အာဏာစတင် သက်ဝင်
Published 12 September 2016
Ref: AFP

ပြီးခဲ့သော သီတင်းပတ်ကုန်ရက်များတွင် တိုက်ခိုက်မှုများကြောင့် အရပ်သား အများအပြား သေဆုံးခဲ့ရပြီးနောက် အမေရိကန်နှင့် ရုရှားတို့က ကြားဝင်ညှိနှိုင်းပေးခဲ့သော ဆီးရီးယား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သစ်သည် စက်တင်ဘာ ၁၂ ရက် နေဝင်ချိန်တွင် စတင်သက်ဝင်ခဲ့ကြောင်း သိရသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ်တို့အကြား မရပ်မနား ဆွေးနွေးမှုများအပြီး ရရှိခဲ့သော ယင်းသဘောတူညီချက်သစ်သည် ငါးနှစ်ကျော် ကြာမြင့်လာပြီဖြစ်သော ဆီးရီးယားပြည်တွင်းစစ် အဆုံးသတ်နိုင်ရေးအတွက် အကောင်းဆုံး အခွင့်အရေးတစ်ခုဟု ရှုမြင်ခံထားရသည်။အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်သစ် စတင်မသက်ဝင်မီ ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ် အစိုးရနှင့် ၎င်းတို့ကို တိုက်ခိုက်နေသော သူပုန်များက သဘောတူညီချက်အတိုင်း လိုက်နာ၊ မနာ ကိစ္စကို ချိန်ဆနေကြဆဲ ဖြစ်သည်။ Ahrar al-Sham ဟု ခေါ်သော သူပုန်အဖွဲ့တစ်ဖွဲ့ကသာ ယင်းသဘောတူညီချက်ကို ပယ်ချကြောင်း တရားဝင် ထုတ်ပြန်ခဲ့သည်။ ယင်းသဘောတူညီချက်ကြောင့် အာဆတ်အစိုးရကိုသာ ပိုမိုအားကောင်းစေမည်ဟု သဘောထား တင်းမာသော သြဇာကြီး အစ္စလာမ္မစ်များ ပါဝင်သည့် ယင်းသူပုန်အဖွဲ့က ထုတ်ပြန်ခဲ့သည်။ယင်းသဘောတူညီချက်သစ်ကို ကမ္ဘာ့ အင်အားကြီးနိုင်ငံများက သဘောတူခဲ့သော်လည်း ပြီးခဲ့သော သီတင်းပတ်ကုန်ရက်များတွင် အလက်ပိုနှင့် အိုင်ဒလက်ရှိ အတိုက်အခံများ ထိန်းချုပ်ထားသည့် နေရာများကို လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် လူ ၇၄ ဦးထက်မနည်း သေဆုံးခဲ့ရသည်။ စက်တင်ဘာ ၁၀ ရက်၌ မည်သည့်ဘက်ကမှန်း မသိရသည့် လေယာဉ်များက ယင်းမြို့နှစ်မြို့လုံးကို ဗုံးကြဲမှုကြောင့် အိုင်ဒလက်တစ်မြို့တည်းတွင် လူ ၆၂ ဦး သေဆုံးခဲ့ရပြီး စက်တင်ဘာ ၁၁ ရက်တွင် အစိုးရ လေယာဉ်များက အလက်ပိုရှိ သူပုန်ထိန်းချုပ်နေရာများကို တိုက်ခိုက်မှုကြောင့် အရပ်သားခြောက်ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်သည့် အဖွဲ့က ထုတ်ပြန်ခဲ့သည်။အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်သစ်ကို သမ္မတဘာရှားအယ်အာဆတ် အစိုးရက အတည်ပြုခဲ့ကြောင်း နိုင်ငံပိုင်သတင်း အေဂျင်စီ ဆာနာက စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အာဆတ်ကို စစ်ရေးအရ ကူညီနေသော လက်ဘနွန်ရှီ အိုက်စစ် သွေးကြွအဖွဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း ယင်းသဘောတူညီချက်ကို ထောက်ခံကြောင်း ကြေညာခဲ့သည်။ အာဆတ်နှင့် ဟစ်ဇ်ဘိုလာ အဖွဲ့ကို အဓိက ထောက်ခံသည့် အီရန်ကလည်း ယင်းသဘောတူညီချက်ကို ကြိုဆိုခဲ့သည်။ ဆီးရီးယားနိုင်ငံရေး သဘောထား ကွဲလွဲသူများနှင့် လက်နက်ကိုင် သူပုန်အဖွဲ့များ ပါဝင်သော ဆီးရီးယား အဓိက အတိုက်အခံ အဖွဲ့ High Negotiations Committee ကမူ ယင်းသဘောတူညီချက်ကို တရားဝင် မှတ်ချက်မပေးသေးပေ။ Ahrar al-Sham အဖွဲ့ နှင့် အနီးကပ် ဆက်ဆံရေးရှိသော အယ်ကေးဒါးဆက်နွှယ် Fateh al-Sham Front သူပုန်အဖွဲ့ကလည်း ယင်းအပစ်အခတ် ရပ်စဲရေး အစီအစဉ်ကို ပယ်ချခဲ့သည်။ဂျီနီဗာတွင် ရရှိခဲ့သော ယင်းသဘောတူညီချက်အရ နိုင်ငံတစ်ဝန်းတွင် တိုက်ခိုက်မှုများနှင့် လူမဆန်သော လေကြောင်းတိုက်ခိုက်မှုများကို စက်တင်ဘာ ၁၂ ရက် နေဝင်ချိန်မှစ၍ ၄၈ နာရီကြာ ရပ်ဆိုင်းရမည်ဖြစ်ပြီး သတ်မှတ်ချိန်ပြည့်ပါက ထပ်မံ သက်တမ်းတိုးမည် ဖြစ်သည်။ သဘောတူညီချက်ကို တစ်ပတ်အထိ တည်တံ့အောင် လုပ်ဆောင်နိုင်ပါက အမေရိကန်နှင့် ရုရှားတို့သည် IS အဖွဲ့နှင့် Fateh al-Sham သူပုန်အဖွဲ့များကို လေကြောင်းပူးတွဲ တိုက်ခိုက်မှုများ စတင်နိုင်ဖွယ် ရှိသည်။

Most Read

Most Recent