ဂျော်ဒန်နယ်စပ်ရှိ ဆီးရီးယား ဒုက္ခသည်များကို ကယ်တင်ရန် ဂျိုလီက နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်း

ဂျော်ဒန်နယ်စပ်ရှိ ဆီးရီးယား ဒုက္ခသည်များကို ကယ်တင်ရန် ဂျိုလီက နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်း
စက်တင်ဘာ ၉ ရက်တွင် ဂျော်ဒန်မြောက်ပိုင်းရှိ Azraq စခန်း၌ အင်ဂျလီနာဂျိုလီကို ဆီးရီးယား ဒုက္ခသည် ကလေးငယ်များနှင့်အတူ တွေ့ရစဉ်
စက်တင်ဘာ ၉ ရက်တွင် ဂျော်ဒန်မြောက်ပိုင်းရှိ Azraq စခန်း၌ အင်ဂျလီနာဂျိုလီကို ဆီးရီးယား ဒုက္ခသည် ကလေးငယ်များနှင့်အတူ တွေ့ရစဉ်
Published 11 September 2016

ဂျော်ဒန်နယ်စပ်တွင် လူသားချင်း စာနာထောက်ထားမှု အကူအညီမရဘဲ  အားကိုးရာမဲ့ဖြစ်နေသည့် သောင်းနှင့်ချီသော ဆီးရီးယား ဒုက္ခသည်များကို ကယ်တင်ရန် ဟောလိဝုဒ် သရုပ်ဆောင် အင်ဂျလီနာဂျိုလီက နိုင်ငံတကာ အသိုင်းအဝိုင်းကို စက်တင်ဘာ ၉ ရက်က တိုက်တွန်းခဲ့သည်။“ဂျော်ဒန်နယ်စပ်ရဲ့ လူသူမရှိတဲ့နေရာမှာ ကလေးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ စိုးရိမ်ဖွယ် နာမကျန်းဖြစ်နေတဲ့ လူနာတွေ အပါအဝင် ဆီးရီးယားနိုင်ငံသား ၇၅,၀၀၀ ဟာ အားကိုးရာမဲ့ ဖြစ်နေတယ်” ဟု အင်ဂျလီနာဂျိုလီက ဂျော်ဒန်နိုင်ငံ၏မြို့တော် အမ္မန်အရှေ့မြောက်ဘက် ၁၀၀ ကီလိုမီတာ (မိုင် ၆၀) အကွာရှိ Azraq ဒုက္ခသည်စခန်းသို့ သွားရောက်စဉ် သတင်းထောက်များကို ပြောကြားခဲ့သည်။ယင်းနေရာရှိ ဒုက္ခသည်များသည် အပြည်ပြည်ဆိုင်ရာ ဥပဒေအရ အခြေခံ ကာကွယ်စောင့်ရှောက်မှု မရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး၏ အထူးသံတမန်ဖြစ်သည့် ဂျိုလီက ဆိုသည်။“ဒုက္ခသည်တွေက သတ်မှတ်ထားတဲ့ အရေအတွက်ထိ ရှိနေပြီမို့ ထပ်ပြီးလက်မခံနိုင်တော့ဘူးလို့ ဂျော်ဒန်က ပြီးခဲ့တဲ့ နှစ်တွေကတည်းက သတိပေးထားတယ်။ ဒီအခြေအနေကို ကမ္ဘာက သိထားပေမယ့် မဖြေရှင်းနိုင်ခဲ့ဘူး” ဟု ဂျိုလီက ပြောကြားခဲ့သည်။ ကုလသမဂ္ဂက ထုတ်ပြန်ချက်တွင် ဂျော်ဒန်က ဆီးရီးယားဒုက္ခသည် ၆၀၀,၀၀၀ ကျော်ကို လက်ခံထားသည်ဟု ဆိုသော်လည်း အမ္မန်ကမူ ဒုက္ခသည် ၁ ဒသမ ၄ သန်းရှိသည်ဟု ဆိုသည်။နယ်စပ်ဒေသတွင် IS အဖွဲ့၏ လက်ချက်ဟုဆိုသည့် အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် စစ်သားခုနစ်ဦး သေဆုံးခဲ့ပြီးနောက် ဂျော်ဒန်က ဇွန် ၂၁ ရက်မှစပြီး ဒုက္ခသည်များအတွက် ကူညီထောက်ပံ့သည့် လမ်းကြောင်းနှင့် ၎င်းတို့ ဝင်ရောက်မှုကို ပိတ်ဆို့ခဲ့သည်။UNHCR နှင့် အခြားသော အေဂျင်စီများသည် ဆီးရီးယား၏ ငါးနှစ်ကြာပြီဖြစ်သော ပဋိပက္ခအတွင်း ဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ ပံ့ပို့ပေးရန် အလှူရှင်များထံမှ လိုအပ်နေသည့် ရန်ပုံငွေ၏ ထက်ဝက်ခန့်သာ ရရှိသေးသည်ဟု ဂျိုလီက ပြောကြားခဲ့သည်။ဆီးရီးယားပဋိပက္ခဖြစ်ပွားသည့် ရင်းမြစ်နှင့် စစ်ပွဲ အဆုံးသတ်ရန်အတွက် အခြေခံကျသည့် ဆွေးနွေးမှုများလုပ်ရန် ဂျိုလီက ကမ္ဘာ့ခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။

Most Read

Most Recent