Facebook က မီးလောင်ဗုံးဒဏ် ခံရသော မိန်းကလေး ဓာတ်ပုံကို ဆင်ဆာဖြတ်မှုအား ပြန်ရုပ်သိမ်း

Facebook က မီးလောင်ဗုံးဒဏ် ခံရသော မိန်းကလေး ဓာတ်ပုံကို ဆင်ဆာဖြတ်မှုအား ပြန်ရုပ်သိမ်း
Published 10 September 2016

စက်တင်ဘာ ၉ ရက်တွင် Facebook က ဗီယက်နမ်စစ်ပွဲ အတွင်းက သမိုင်းဝင် ဓာတ်ပုံတစ်ပုံကို ဆင်ဆာဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်အား ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ မီးလောင်ဗုံးဒဏ် ခံရမှုမှ ထွက်ပြေးလာသော အဝတ်ဗလာနှင့် မိန်းကလေး၏ သမိုင်းဝင်ပုံကို Facebook က ဖြတ်တောက်ခဲ့မှုကြောင့် ဒေါသထွက်မှုများ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ဦးဆောင် လူမှုကွန်ရက်၌ မသင့်လျော်သော ပို့စ်များနှင့် ပတ်သက်သည့် စံသတ်မှတ်ချက်များကို ချိုးဖောက်မှုကြောင့် အဆိုပါ ဓာတ်ပုံအား ဟန့်တားခဲ့သည်ဟု ပြောကြားလျက် အွန်လိုင်းကုမ္ပဏီကြီးဖြစ်သော Facebook က ရုတ်တရက် တောင်းပန်မှု ပြုလုပ်ခဲ့သည်။
“အဝတ်ဗလာနဲ့ ကလေးငယ် တစ်ဦးရဲ့ ဓာတ်ပုံတစ်ပုံဟာ ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့ရဲ့ လူမှုရေး စံသတ်မှတ်ချက်တွေကို ချိုးဖောက်တယ်လို့ ယူဆရမှာပဲ။ တချို့နိုင်ငံတွေမှာတော့ ကလေးညစ်ညမ်းပုံ အဖြစ်တောင် သတ်မှတ်နိုင်ပါတယ်” ဟု Facebook က ထုတ်ပြန်ချက်တစ်ရပ်၌ ပြောကြားထားသည်။
“ဒီကိစ္စမှာတော့ ထူးခြားတဲ့ အချိန် အခိုက်အတန့် တစ်ရပ်ကို မှတ်တမ်းတင်ထားတဲ့ ဒီဓာတ်ပုံရဲ့ သမိုင်းနဲ့ ကမ္ဘာနဲ့ဆိုင်တဲ့ အရေးပါမှုကို ကျွန်တော်တို့ အသိအမှတ် ပြုလိုက်ပါတယ်” ဟု Facebook က ပြောကြားခဲ့သည်။
AP သတင်းဌာနအတွက် ရိုက်ကူးပေးသော ဓာတ်ပုံဆရာ နစ်အက်ကောင်ဟွန်း၏ ၁၉၇၂ ခုနှစ်က မီးလောင်ဗုံးဖြင့် တိုက်ခိုက်မှုမှနေ၍ ထွက်ပြေးလာသော အဝတ်ဗလာနှင့် ဗီယက်နမ် မိန်းကလေး၏ ဓာတ်ပုံကို စစ်အနိဋ္ဌာရုံများကို ဖော်ပြသည့် အရေးပါသော ဓာတ်ပုံတစ်ပုံအဖြစ် သတ်မှတ်ထားကြသည်။ အဆိုပါ ဓာတ်ပုံသည် ပူလစ်ဇာဆုဖြင့်ပင် ဂုဏ်ပြုခြင်းခံခဲ့ရသည်။
လူမှု မီဒီယာကို တက်ကြွစွာ အသုံးပြုသူ တစ်ဦးဖြစ်သော နော်ေ၀၀န်ကြီးချုပ် အာနာဆိုးဘတ်သည် စက်တင်ဘာ ၉ ရက် အစောပိုင်းတွင် သီတင်းပတ်နှင့်ချီလျက် အငြင်းပွားနေမှုကို ထိပ်တန်းတင်သည့် အနေဖြင့် အဆိုပါ ဓာတ်ပုံကို တင်ကာ Facebook ကို အာခံပြခဲ့သည်။
သူ၏ ပို့စ်သည် နာရီပေါင်း အတန်ကြာပြီးနောက် Facebook က ဖျက်ပစ်သောကြောင့် ပျောက်ကွယ်သွားခဲ့သည်ဟု အမျိုးသမီး ဝန်ကြီးချုပ် အာနာဆိုးဘတ်က ပြောကြားခဲ့သည်။
Facebook က အဆိုပါ ဓာတ်ပုံနှင့် ပတ်သက်၍ ၎င်းတို့၏ ရပ်တည်ချက်ကို ပြန်လည် ပြင်ဆင်ခဲ့ပြီးနောက် ဆိုးဘတ်က သူသည် ပျော်ရွှင်သော ဝန်ကြီးချုပ် ဖြစ်သွားပြီဟု ဘီဘီစီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
“ဒါက လူမှုမီဒီယာ အသုံးပြုခြင်းဟာ လူမှုမီဒီယာမှာတောင် နိုင်ငံရေးအရ အပြောင်းအလဲကို လုပ်နိုင်တယ် ဆိုတာကို ပြသနေပါတယ်” ဟု ဆိုးဘတ်က ပြောကြားခဲ့သည်။
Ref: AFP

Most Read

Most Recent