ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် ရွေးချယ်မှုပြိုင်ပွဲ၌ ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း ဂူတာရက်စ်က ဆက်လက် အလေးသာနေ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် ရွေးချယ်မှုပြိုင်ပွဲ၌ ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း ဂူတာရက်စ်က ဆက်လက် အလေးသာနေ
Published 10 September 2016

ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း အန်တိုနီယိုဂူတာရက်စ်သည် လုံခြုံရေးကောင်စီ၏ စတုတ္ထအကြိမ်မြောက် အလွတ်သဘော မဲပေးရွေးချယ်မှုတွင် ဆက်လက် ဦးဆောင်ခဲ့ပြီးနောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် ရွေးချယ်ပွဲတွင် ရှေ့ဆုံးမှ ဦးဆောင်နေဆဲဖြစ်ကြောင်း သံတမန်များက ပြောကြားခဲ့သည်။
စက်တင်ဘာ ၉ ရက်က လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံ၏ မဲပေးမှုတွင် ဂူတာရက်စ်သည် “encourage” မဲ ၁၂ မဲ ရခဲ့ပြီး “discourage” မဲ ၂ မဲ၊ “no opinion” မဲ ၁ မဲ ရရှိခဲ့သည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီကို ၁၀ နှစ်ကြာ ဦးဆောင်ခဲ့သော ဂူတာရက်စ်သည် ဒီဇင်ဘာ ၃၁ ရက်တွင် ရာထူးမှ ထွက်ခွာတော့မည့် ဘန်ကီမွန်၏ နေရာအား ဆက်ခံသူ ရွေးချယ်သည့် ပြိုင်ပွဲတွင် ထိပ်ဆုံးနေရာကို လေးကြိမ်တိုင်တိုင် ရရှိခဲ့ခြင်းဖြစ်သည်။
အသက် ၆၇ နှစ်အရွယ် ဂူတာရက်စ်သည် ၁၉၉၅ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း ပေါ်တူဂီ၏ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သော ဆိုရှယ်လစ်ဟောင်းတစ်ဦးဖြစ်ပြီး ငြိမ်းချမ်းရေး ကြိုးပမ်းမှုများနှင့် လူ့အခွင့်အရေး တိုးတက်ရေးတို့ကို ဆောင်ရွက်ရန် ကုလသမဂ္ဂအား ပြုပြင်ပြောင်းလဲမည်ဟု ကတိပြုထားသည်။ ဂူတာရက်စ်သာ ရွေးချယ်ခံရလျှင် နိုင်ငံ့ခေါင်းဆောင်ဟောင်း တစ်ဦးက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန်ကို ပထမဆုံး ထမ်းဆောင်မှု ဖြစ်လာမည်ဖြစ်သည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နေရာအတွက် ယှဉ်ပြိုင်နေသော ပုဂ္ဂိုလ် ၁၀ ဦးတွင် ငါးဦးသည် အမျိုးသမီးများဖြစ်ကြပြီး အရှေ့ဥရောပမှ ကိုယ်စားလှယ်ငါးဦး ပါဝင်သည်။ ဆားဘီးယားနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဘက်ဂျရီမစ်၊ ဆလိုဗက်ကီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်း မီဒိုဆလပ်လာဂျဆက်၊ မက်ဆီဒိုးနီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဆာဂျန်ကီရင်၊ ဆလိုဗေးနီးယား သမ္မတဟောင်း ဒါနီလိုတက်နှင့် ဘူဂေးရီးယားမှ ယူနက်စကို ဥက္ကဋ္ဌဟောင်း အီဘီနာဘိုကိုဗာတို့သည်လည်း ကုလသမဂ္ဂ အတွင်းရေးချုပ်သစ် ရွေးချယ်ပွဲတွင် ထောက်ခံမှုများ ခိုင်ခိုင်မာမာ ရရှိထားကြသည်။
Ref: AFP

Most Read

Most Recent