IS လမ်းညွှန်မှုခံ အမျိုးသမီးငယ် သုံးဦး အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှု အစီအစဉ်ကို ပြင်သစ် ဟန့်တားနိုင်ခဲ့

IS လမ်းညွှန်မှုခံ အမျိုးသမီးငယ် သုံးဦး အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှု အစီအစဉ်ကို ပြင်သစ် ဟန့်တားနိုင်ခဲ့
အမျိုးသမီး အကြမ်းဖက်သမားများဟု သံသယရှိသူများ ဖမ်းဆီးခံခဲ့ရသည့် နေရာ၌ စက်တင်ဘာ ၈ ရက်က စောင့်ကြပ်နေသည့် ပြင်သစ်ရဲတပ်ဖွဲ့ဝင်များ (Photo: AFP)
အမျိုးသမီး အကြမ်းဖက်သမားများဟု သံသယရှိသူများ ဖမ်းဆီးခံခဲ့ရသည့် နေရာ၌ စက်တင်ဘာ ၈ ရက်က စောင့်ကြပ်နေသည့် ပြင်သစ်ရဲတပ်ဖွဲ့ဝင်များ (Photo: AFP)
Published 10 September 2016

ဆီးရီးယားရှိ IS အဖွဲ့၏ လမ်းညွှန်မှု ခံယူထားသော အလွန်အမင်း အစွန်းရောက်သည့် အတွေးအခေါ်ရှိသော အမျိုးသမီးငယ် သုံးဦးပါ အဖွဲ့၏ တိုက်ခိုက်မည့် အစီအစဉ် တစ်ခုကို ပြင်သစ်အာဏာပိုင်များက ဟန့်တားနိုင်ခဲ့ကြောင်း ပြင်သစ်၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး အစိုးရရှေ့နေ ဖရန်ဆွာမိုလင်းက စက်တင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။ Daesh ၏ အိုင်ဒီယိုလော်ဂျီကို လုံး၀ လက်သင့်ခံသော လူငယ်အမျိုးသမီးများ၏ အကြမ်းဖက် အဖွဲ့ကို ဖြိုခွင်းနိုင်ခဲ့ကြောင်း၊ အသက် ၁၉ နှစ်ရှိ အင့်စ်မာဒါနီ ဦးဆောင်သော အမျိုးသမီး သုံးဦးကို စက်တင်ဘာ ၈ ရက်က ပါရီတောင်ပိုင်းတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ၎င်းတို့သည် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း မိုလင်းက ပြောကြားခဲ့သည်။
ပါရီရှိ Notre Dame ခရစ်ယာန် ဘုရားကျောင်းတော်ကြီး အနီး စက်တင်ဘာ ၄ ရက်က ဂက်စ်ဗူးများ တင်ပြီး စွန့်ပစ်ထားသောကားသည် မာဒါနီ၏ ဖခင်ဖြစ်သူ၏ ကားဖြစ်ပြီး ကားသော့များကို မာဒါနီထံမှ တွေ့ရှိခဲ့ကြောင်း သိရသည်။ ယင်းဖမ်းဆီးခံ အမျိုးသမီးများနှင့် ယခုနှစ် နွေရာသီတွင် ပြင်သစ်၌ ဖြစ်ပွားခဲ့သော ဂျီဟတ်တိုက်ခိုက်မှုများအကြား ရှင်းလင်းသည့် ဆက်နွှယ်မှုများ ရှိကြောင်းကို စက်တင်ဘာ ၉ ရက်၌ ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းဖမ်းဆီးခံ အမျိုးသမီး သုံးဦးအနက် တစ်ဦးသည် လာရိုစီအက်ဘယ်လာနှင့် စေ့စပ်ထားကြောင်း၊ လာရိုစီအက်ဘယ်လာသည် ပြီးခဲ့သော ဇွန်တွင် ပါရီ ဆင်ခြေဖုံး၌ ထိပ်တန်းရဲ တစ်ဦးနှင့် ၎င်း၏ လက်တွဲဖော်တို့ကို ပစ်သတ်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ပစ်သတ်ခဲ့သူ ဖြစ်ကြောင်း မိုလင်းက ပြောကြားခဲ့သည်။
ဆာရာအိတ်ချ်ဟုသာ ဖော်ထုတ်နိုင်သေးသော ယင်းအမျိုးသမီးသည် နောက်ပိုင်းတွင် အဒယ်ကာမီချီဆိုသူနှင့် ထပ်မံစေ့စပ်ခဲ့ကြောင်း သိရသည်။ အဒယ်ကာမီချီသည် ပြီးခဲ့သော ဇူလိုင်က ပြင်သစ်မြောက်ပိုင်း ရူအန်မြို့အနီး ခရစ်ယာန်ဘုန်းတော်ကြီးကျောင်း၌ ဘုန်းတော်ကြီး တစ်ဦးကို လည်လှီးသတ်ခဲ့သည့် ဂျီဟတ်နှစ်ဦးအနက် တစ်ဦးဖြစ်ကြောင်း မိုလင်းက ဆိုသည်။ စုံစမ်းစစ်ဆေးသူများသည် ပါရီဆင်ခြေဖုံးရှိ Boussy-Saint-Antoine မြို့မှ တိုက်ခန်းတစ်ခန်းတွင် ပုန်းအောင်းနေသည့် မာဒါနီနှင့် ကြံရာပါ နှစ်ဦးတို့ကို ခြေရာခံခဲ့ခြင်းဖြစ်သည်။
မာဒါနီသည် ဆီးရီးယားသို့ အကြိမ်ကြိမ် သွားရောက်ရန် ကြိုးပမ်းခဲ့မှုကြောင့် ထောက်လှမ်းရေးများက သိရှိထားသူဖြစ်သည်။ ထို့ပြင် ၎င်း၏ လက်ကိုင်အိတ်ထဲ၌ IS အား သစ္စာခံကြောင်း ရေးထားသည့် စာတစ်စောင်ကိုလည်း တွေ့ရှိခဲ့သည်။ ယင်းအမျိုးသမီးများ ပုန်းအောင်းနေသော တိုက်ခန်းအနီး အမှတ်အသား မပါသည့် ကားတစ်စီးဖြင့် စောင့်ကြည့်နေသည့် ရဲတစ်ဦးကို အသက် ၂၃ နှစ်ရှိ ဆာရာအိတ်ချ်က စက်တင်ဘာ ၈ ရက်တွင် ဓားဖြင့်ထိုးခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။ ယင်းအမျိုးသမီးကို ရဲများက ခက်ခက်ခဲခဲ ဖမ်းဆီးခဲ့ရပြီး မာဒါနီသည်လည်း ပေါင်နှင့်ခြေချင်းဝတ်တို့တွင် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။  
Notre Dame ခရစ်ယာန်ဘုရားကျောင်း အနီး စွန့်ပစ်ထားသော ကားထဲရှိ ဂက်စ်ဗူးများကို မီးရှို့ရန် စီစဉ်ထားသည့် အထောက်အထားများအဖြစ် ယင်းကားအောက်ဘက်တွင် တစ်ဝက်မီးစွဲထားသော ဆေးလိပ်နှင့် မီးလောင်စေနိုင်သည့် အရည်များ သုတ်လိမ်းထားသော အပိုင်းအစ တစ်ခုကို တွေ့ခဲ့ရသည်။
Ref: AFP

Most Read

Most Recent