မြောက်ကိုရီးယားကို ပိတ်ဆို့ အရေးယူမှုသစ် ချမှတ်ရန် လုံခြုံရေးကောင်စီက စတင် လုပ်ဆောင်နေ

မြောက်ကိုရီးယားကို ပိတ်ဆို့ အရေးယူမှုသစ် ချမှတ်ရန် လုံခြုံရေးကောင်စီက စတင် လုပ်ဆောင်နေ
Published 10 September 2016

မြောက်ကိုရီးယား၏ ပဉ္စမမြောက်နျူ ကလီးယား စမ်းသပ်မှုကို နိုင်ငံတကာက ကန့်ကွက် ရှုတ်ချခဲ့ပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားကို ပိတ်ဆို့ အရေးယူမှုသစ် ချမှတ်နိုင်ရေးအတွက် ချက်ချင်း လုပ်ဆောင်ရန် စက်တင်ဘာ ၉ ရက်တွင် သဘောတူခဲ့ကြောင်း သိရသည်။ လုံခြုံရေးကောင်စီတွင် တံခါးပိတ် ဆွေးနွေးမှုအတွင်း အဖွဲ့ဝင်နိုင်ငံများက ယင်းစမ်းသပ်မှုကို အပြင်းအထန် ကန့်ကွက် ရှုတ်ချခဲ့ကြပြီး ကုလသမဂ္ဂ ပဋိညာဉ် ပိုဒ်ခွဲ ၄၁ အရ မြောက်ကိုရီးယားကို ပိတ်ဆို့အရေးယူမှုသစ် ချမှတ်နိုင်ရေးအတွက် မူကြမ်းစတင် ရေးဆွဲရန် သဘောတူခဲ့ကြသည်။
မြောက်ကိုရီးယားအား ပြင်းပြင်းထန်ထန် အရေးယူရန် တောင်းဆိုမှုကို မဟာမိတ် တရုတ်ထံမှ ကန့်ကွက်မှု ရှိသော်လည်း ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ တောင်းဆိုမှုဖြင့် လုံခြုံရေးကောင်စီက တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ ယင်းဆွေးနွေးပွဲ အပြီးတွင် တရုတ်သံအမတ်ကြီး လျူကျဲယီကို ပိတ်ဆို့ အရေးယူမှုများအား တရုတ်က ထောက်ခံပါသလားဟု မေးမြန်းခဲ့ရာ ၎င်းက ရှောင်လွဲှခဲ့သည်။ “အဲဒီ စမ်းသပ်မှုကို ကျွန်တော်တို့ ဆန့်ကျင်ပါတယ်။ ပြီးတော့ ကိုရီးယား ကျွန်းဆွယ်မှာ  နျူကလီးယား ကင်းစင်ရေးအတွက် အတူတကွ လုပ်ဆောင်ဖို့က ပိုပြီး အရေးကြီးတယ်လို့ ယုံကြည်ပါတယ်” ဟု လျူက ပြောကြားခဲ့သည်။ “ဘက်အားလုံးက အပြန်အလှန် ရန်စမှုတွေ၊ အခြေအနေကို ပိုမို ဆိုးရွားစေနိုင်တဲ့ လုပ်ရပ်တွေကို ရှောင်လွဲှသင့်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
၂၀၀၆ ခုနှစ်တွင် မြောက်ကိုရီးယားက ပထမဆုံးအကြိမ်  နျူကလီးယား စမ်းသပ်ခဲ့ပြီး နောက်ပိုင်း ကုလသမဂ္ဂက ပိတ်ဆို့အရေးယူသည့် ဆုံးဖြတ်ချက် ငါးကြိမ် ချမှတ်ခဲ့ပြီးဖြစ်သည်။ မြောက်ကိုရီးယားက စတုတ္ထအကြိမ်မြောက်  နျူကလီးယား စမ်းသပ်ခဲ့ပြီးနောက် လုံခြုံရေးကောင်စီက မြောက်ကိုရီးယား၏ တွင်းထွက်ပစ္စည်းများ ကုန်သွယ်မှုကို ပစ်မှတ်ထားသော၊ ဘဏ်လုပ်ငန်းများအား ကန့်သတ်မှုကို တင်းကျပ်သော အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူမှု ဆုံးဖြတ်ချက်ကို ပြီးခဲ့သော မတ်တွင် ချမှတ်ခဲ့သည်။ ပိတ်ဆို့ အရေးယူမှု ချမှတ်နိုင်ရန် ယင်းအချိန်က အမေရိကန်သည် တရုတ်နှင့် တိုက်ရိုက် ဆွေးနွေးခဲ့ရပြီး အချိန်နှစ်လ ကြာမြင့်ခဲ့ကြောင်း သိရသည်။
ယင်းပိတ်ဆို့ အရေးယူမှု ချမှတ်ခဲ့အပြီး မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှု ၂၁ ကြိမ် ပြုလုပ်ခဲ့ကြောင်း အမေရိကန် သံအမတ်ကြီး ဆမန်သာပါဝါက ပြောကြားခဲ့ပြီး ယင်းပစ်လွှတ်မှုများနှင့် ယခုနှစ်အတွင်း ဒုတိယအကြိမ်  နျူကလီးယား စမ်းသပ်မှုသည် အရှက်မရှိ မျက်နှာပြောင်တိုက်သော အာခံမှုထက်ပိုကြောင်း ပြောကြားခဲ့သည်။ မြောက်ကိုရီးယား အနေဖြင့် ယင်းလုပ်ရပ်များကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများ ရင်ဆိုင်ရမည်ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း ပြသရန်အတွက် ယင်းပိတ်ဆို့ အရေးယူမှုသစ်ကို ပြင်သစ်က ထောက်ခံခဲ့သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာက မြောက်ကိုရီးယားကို ဖိအားပိုပေးရန် တောင်းဆိုခဲ့သော်လည်း မြောက်ကိုရီးယားပြဿနာကို ဖြေရှင်းရာ၌ တရုတ်တွင်လည်း တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။
Ref: AFP

Most Read

Most Recent