နယူးယောက် သမိုင်း၏ ဧရာမ ဒဏ်ရာကြီး ဖြစ်သော ၉/၁၁ တိုက်ခိုက်ခံရမှု ၁၅ နှစ် ပြည့်ပြီ

နယူးယောက် သမိုင်း၏ ဧရာမ ဒဏ်ရာကြီး ဖြစ်သော ၉/၁၁ တိုက်ခိုက်ခံရမှု ၁၅ နှစ် ပြည့်ပြီ
Published 10 September 2016

ယခုတိုင် ဧရာမ ဒဏ်ရာကြီး တစ်ခုအဖြစ် ကျန်ရစ်ဆဲဖြစ်သော ၉/၁၁ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့သည့် ကြောက်မက်ဖွယ်နေ့ကြီး၏ ၁၅ နှစ်ပြည့် အထိမ်းအမှတ်အား နယူးယောက်မြို့က ပို၍ ကျော်လွှားနိုင်စွမ်း ရှိမှု၊ ပို၍ ချမ်းသာကြွယ်ဝမှုနှင့် ပို၍ ကွဲပြားခြားနားမှုတို့ဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် အယ်ကေးဒါးတို့က လေယာဉ်ပြန်ပေးဆွဲမှုများ ပြုလုပ်ကာ တိုက်ခိုက်ခဲ့မှုသည် နှစ်ပေါင်း ၂၀၀ ခန့်အတွင်း အမေရိကန်ပြည်မတွင် နိုင်ငံရပ်ခြားမှ ပထမဆုံး တိုက်ခိုက်မှုဖြစ်ခဲ့ပြီး အမေရိကန်၏ လုံခြုံမှုပျက်စီးကာ ယနေ့တိုင် တိုက်ခိုက်နေရသော စစ်ပွဲများအတွင်းသို့ အနောက်တိုင်းအား သက်ဆင်းစေခဲ့သည်။
နယူးယောက်မြို့၏ ဘဏ္ဍာရေး ကြွယ်ဝမှုနှင့် ယုံကြည်မှု ခိုင်မြဲခြင်းတို့၏ အမှတ်လက္ခဏာဖြစ်သော မျှော်စင်ညီနောင်ကို ခရီးသည်တင် လေယာဉ်နှစ်စင်းဖြင့် ဝင်တိုက်ခဲ့မှုကြောင့် လူပေါင်း ၂၇၅၀ ထက်မနည်း သေဆုံးခဲ့ရသည်။ ယင်းတို့အနက် လူပေါင်း ၁၆၄၀ ဦး၏ အလောင်းများကိုသာ မည်သူ မည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အခြားလူပေါင်း ၇၅,၀၀၀ သည်လည်း စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နာမကျန်းမှုများဖြင့် အသက်ရှင် နေထိုင်နေရသည်။ ယင်းတို့အနက် အများအပြားသည် အရေးပေါ်ကယ်ဆယ်ရေး လုပ်သားများဖြစ်ပြီး တာဝန်သိသိဖြင့် လူတို့၏ အသက်များကို ကယ်ဆယ်ရန် ကြိုးပမ်းစဉ် ကင်ဆာရောဂါ ဖြစ်ပွားစေနိုင်သော အဆိပ်ငွေ့များကို ရှူမိခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့် ၁၅ နှစ်အတွင်း နယူးယောက်မြို့သည် တိုက်ခိုက်မှု၏ သားကောင် ဖြစ်ခဲ့ရသူများနှင့် ရက်စက်ကြမ်းကြုတ်မှုတို့အား သတိရမှုအကြား မျှခြေတစ်ခု ရရှိရန် ကြိုးပမ်းလျက် အဆုံးမရှိသော ပြန်လည် မွေးဖွားမှု၊ ပြန်လည်တည်ဆောက်မှုနှင့် အနာဂတ်အား မျှော်မှန်းမှုတို့ဖြင့် အကောင်းဆုံး အရာများကို လုပ်ဆောင်ခဲ့ကြသည်။
မြို့လယ်ကောင် မန်ဟက်တန်သည် ယနေ့ခေတ်တွင် နယူးယောက်မြို့၏ ဖက်ရှင်အကျဆုံး အစိတ်အပိုင်းများဖြင့် ပြည့်နှက်နေပြီး ဇိမ်ခံဟိုတယ်များ၊ ခေတ်မီ ဖက်ရှင်စတိုးများနှင့် စမတ်ကျသော စားသောက်ဆိုင်များ ပြည့်နှက်လျက်ရှိသည်။
ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ နေရာအား လုံး၀ အသစ်ပြန်လည် တည်ဆောက်ထားပြီး အမျိုးသား စက်တင်ဘာ ၁၁ အထိမ်းအမှတ် နေရာနှင့် ပြတိုက်၊ ကမ္ဘာ့ အကုန်အကျ အများဆုံး ရထားဘူတာရုံ၊ ဖျော်ဖြေရေး အနုပညာဌာန တစ်ခုနှင့် ရုံးများကို နေရာပေးထားသည်။
“ဒီနေရာကို တစ်ကမ္ဘာလုံးက လူတွေ လာကြတယ်။ ဒီနေရာဟာ ကျော်လွှားနိုင်စွမ်း ရှိတဲ့ ကမ္ဘာကြီးနဲ့ ပတ်သက်တဲ့ သင်္ကေတ တစ်ရပ်ကို လူတွေဆီ ပေးနိုင်တဲ့ တစ်စုံတစ်ရာ ဖြစ်ပါတယ်” ဟု နယူးယောက်မြို့တော်ဝန် ဘီဒီဘယာစီယိုက ပြောကြားခဲ့သည်။
ယင်း၏ ထိပ်တွင်ရှိသော သရဖူတွင် ရတနာများ ပါဝင်သော အဆောက်အအုံကို ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ-၁ သို့မဟုတ် လွတ်လပ်ရေးမျှော်စင်ဟု ခေါ်ဆိုပြီး အမေရိကန် လွတ်လပ်ရေး ရရှိခဲ့သည့် အထိမ်းအမှတ်အဖြစ် ၁၇၇၆ ပေ မြင့်သည်။ ယင်းကဲ့သို့ ၅၄၁ မီတာ (၁၇၇၆ ပေ) မြင့်သည့် အဆောက်အအုံသည် အနောက်ကမ္ဘာခြမ်း၌ အမြင့်ဆုံး အဆောက်အအုံဖြစ်ပြီး ယင်း၌ ထွန်းထားသော မီးရောင်များကို မိုင်အတန်ငယ် ကွာဝေးသော နေရာများမှ မြင်နိုင်သည်။
အဆိုပါ အဆောက်အအုံမှ ကြည့်နိုင်သည့် ရင်သပ်ရှုမောဖွယ် မြင်ကွင်းများသည် အင်ပါယာစတိတ် အဆောက်အအုံ၊ အော့ကူးလက်ထရန်စပို့စ် အဆောက်အအုံတို့နှင့် နှိုင်းယှဉ်နိုင်ပြီး ဗိသုကာ ပညာအရ အံ့ဖွယ်တစ်ပါးဖြစ်ကာ ဆန်တီယာဂိုကာလာထရာဗာက ဒီဇိုင်းရေးဆွဲပေးထားသည့် ဘဲဥပုံရှိသော ဒေါ်လာ လေးဘီလျံတန် မှန်သားနှင့် စတီးအဆောက်အအုံဖြစ်သည်။
ယင်းကို ဖွင့်လှစ်ပြီးနောက် ၁၅ လတာအတွင်း အနီးအနားရှိ ၉/၁၁ ပြတိုက်သည် ဧည့်သည်ပေါင်း ခုနစ်သန်းနီးပါးကို ကြိုဆိုခဲ့ရသည်။
ကမ္ဘာတစ်လွှားမှ ကမ္ဘာ့လှည့် ခရီးသည်များနှင့် မိမိတို့၏ ချစ်သူခင်သူများကို လွမ်းဆွတ်သူများသည် ပြိုကျခဲ့ရသည့် မြောက်နှင့်တောင် မျှော်စင်တို့၏ ခြေရာအတွင်းရှိ ရေအိုင်နှစ်ခုတစ်ဝိုက် အမည်များ ထွင်းထားသည့် မြောင်းများအတွင်း နှင်းဆီပန်းများကို ချထားကြသည်။
နှစ်များ ကုန်လွန်လာသည်နှင့်အမျှ အဆိုပါ ပြတိုက်သည် ၉/၁၁ တိုက်ခိုက်ခံရမှုကို သမိုင်းတစ်ရပ်အဖြစ် ရှုမြင်ကြသည့် ၂၀၀၁ ခုနှစ်နောက်ပိုင်း မွေးဖွားလာသော ကျောင်းသားများအား ၉/၁၁ အကြောင်း သင်ကြားပေးခြင်းအပေါ် အာရုံပြု၍ လာခဲ့သည်။
“ဒီလို အရမ်းရှုပ်ထွေးတဲ့ ကမ္ဘာကြီးမှာ ပညာတတ်မြောက်တဲ့ အရွယ်ရောက်ပြီးသူတွေအဖြစ် ကိရိယာလက်နက်တွေရဖို့ ဒီနေရာဟာ အဲဒီ ကမ္ဘာလောကကြီးကို နားလည်နိုင်ဖို့ရာ အခြေခံအုတ်မြစ် တစ်မျိုးအဖြစ် အထောက်အကူ ပြုနေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ပြတိုက်၏ ညွှန်ကြားရေးမှူး အဲလစ်ဂရင်းဝိုးက ရှင်းလင်းပြောကြားခဲ့သည်။
Ref: AFP

Most Read

Most Recent