အမေရိကန်နှင့် ရုရှား ဆီးရီးယားတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်သစ် ရရှိ

အမေရိကန်နှင့် ရုရှား ဆီးရီးယားတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်သစ် ရရှိ
Published 10 September 2016

အမေရိကန်နှင့် ရုရှားတို့သည် စက်တင်ဘာ ၉ ရက်က ဆီးရီးယားတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်သစ် ရရှိခဲ့ပြီး ခိုင်မာအောင် လုပ်ဆောင်နိုင်ပါက ဆီးရီးယားရှိ အစ္စလာမ္မစ် ဂျီဟတ်များကို အင်အားကြီး နှစ်နိုင်ငံက ပထမဆုံးအကြိမ် ပူးတွဲ နှိမ်နင်းမှု ပြုလုပ်လာနိုင်မည်ဖြစ်သည်။ ယင်းသဘောတူညီချက်သစ်သည် မွတ်စလင်အိဒ် ပထမဆုံးနေ့ဖြစ်သည့် စက်တင်ဘာ ၁၂ ရက်တွင် စတင်သက်ရောက်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ်တို့က ပြောကြားခဲ့သည်။
အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို တစ်ပတ်ကြာ လိုက်နာနိုင်ရန်အတွက် ရုရှားက ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်ကို ဖိအားပေးနိုင်ခဲ့ပါက အမေရိကန်နှင့် ရုရှားတို့သည် ပူးတွဲတပ်ဖွဲ့ ဖွဲ့စည်းပြီး နှစ်ဖက် သဘောတူထားသော အကြမ်းဖက် ပစ်မှတ်များကို လေကြောင်းမှ စတင်တိုက်ခိုက်နိုင်မည်ဖြစ်သည်။ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်မည့် နေရာများအတွက်လည်း သဘောတူညီမှု ရထားကြောင်း လက်ရော့ဗ်က ပြောကြားခဲ့သည်။
ဂျီနီဗာမြို့တွင် ကယ်ရီနှင့် လက်ရော့ဗ်တို့အကြား မရပ်မနား ဆက်တိုက်ဆွေးနွေးမှုများ အပြီးတွင် အလွန်အမင်း မျှော်လင့်ထားသော ယင်းသဘောတူညီချက် ရရှိခဲ့သည်။ သို့သော် အာဆတ်၏ ကံကြမ္မာနှင့် ပတ်သက်သော ပြဿနာမှာ မပြေလည်သေးပေ။  
ယင်းသဘောတူညီချက်တွင် အဓိက အချက်မှာ သူပုန်တို့ ထိန်းချုပ်ထားသော အလက်ပိုမြို့ရှိ ဒေသတစ်ဝိုက်မှ အစိုးရတပ်များကို ပြန်လည်ရုပ်သိမ်းပြီး ဝိုင်းရံပိတ်ဆို့ ခံထားရသည့် သူများထံ အလွန်အမင်း လိုအပ်နေသည့် လူသားချင်း စာနာမှု အကူအညီများ ပေးပို့ခွင့်ပြုရန် ဖြစ်သည်။ ထို့ပြင် ဆီးရီးယား အစိုးရကို ဆန့်ကျင်သည့် ဒေသများအား အာဆတ်တပ်များက လေကြောင်းမှ တိုက်ခိုက်နေမှုများကို ရပ်ဆိုင်းရန်အတွက် ရုရှားက စည်းရုံးပေးရမည်ဖြစ်သည်။ အပြန်အလှန်အားဖြင့် အမေရိကန်က အတိုက်အခံ အဖွဲ့များကို အယ်နျူဆရာသူပုန်အဖွဲ့မှ သီးခြားခွဲထုတ်ရန် လုပ်ဆောင်ပေးရမည်ဖြစ်သည်။ ယင်းသဘောတူညီချက်ကို တစ်ပတ်တိတိ ထိန်းသိမ်းနိုင်ခဲ့ပါက အမေရိကန်နှင့် ရုရှားတို့ ပူးတွဲ၍ လေကြောင်းတိုက်ခိုက်မှု စတင်မည်ဖြစ်ကြောင်း ပင်တဂွန်က ထုတ်ပြန်ခဲ့သည်။
Ref: AFP

Most Read

Most Recent