အဲလ်ပ်တောင်တန်းတွင် ကေဘယ်ကားထဲ၌ ညလုံးပေါက် ပိတ်မိနေသူ ခရီးသွား ၃၃ ဦးကို ကယ်တင်နိုင်ရန် လုပ်ဆောင်နေ

အဲလ်ပ်တောင်တန်းတွင် ကေဘယ်ကားထဲ၌ ညလုံးပေါက် ပိတ်မိနေသူ ခရီးသွား ၃၃ ဦးကို ကယ်တင်နိုင်ရန် လုပ်ဆောင်နေ
Published 9 September 2016
Ref: AFP

ပြင်သစ်အဲလ်ပ်တောင်တန်းတွင် မီတာ ထောင်နှင့်ချီအမြင့်၌ ကေဘယ်ကားထဲတွင် စက်တင်ဘာ ၈ ရက် တစ်ညလုံး ပိတ်မိနေသော အသက် ၁၀ နှစ်အရွယ် ကလေး အပါအဝင် ကမ္ဘာလှည့်ခရီးသွား ၃၃ ဦးကို စက်တင်ဘာ ၉ ရက် အစောပိုင်း၌ မြေပေါ်သို့ ချပေးနိုင်ရန် ကြိုးပမ်းနေကြောင်း ကေဘယ်ကားကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။ ကေဘယ်ကားများကို ပြန်လည်ပြေးဆွဲမှုကို လွန်ခဲ့သောငါးမိနစ်က စတင်ခဲ့ကြောင်း၊ (ပြေးဆွဲမှုစနစ်ကို ရပ်တန့်စေခဲ့သော) နောက်ဆုံး ကေဘယ်ကား၏ ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း ယင်းစနစ်ကို စီမံခန့်ခွဲသော Mont-Blanc ကုမ္ပဏီ စီအီးအို မက်သယူးဒီ ချာဗန်နီက စက်တင်ဘာ ၉ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ မတိုင်မီ ပြောကြားခဲ့သည်။ပိတ်မိနေဆဲဖြစ်သော ခရီးသွားများကို ရဟတ်ယာဉ် အသုံးပြုစရာမလိုဘဲ ကယ်တင်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ကေဘယ်ကားများသည် မရှင်းပြနိုင်သေးသော နည်းပညာဆိုင်ရာပြဿနာများကြောင့် Mont Blanc  ဒေသတွင် အမြင့် တာ ၃၈၀၀ (ပေ ၁၂၅၀၀) ၌ စက်တင်ဘာ ၈ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီ မိနစ် ၄၀ က စတင် သောင်တင်ခဲ့ခြင်းဖြစ်ပြီး ကနဦးတွင်  လူ  ၁၁၀ ခန့် ပိတ်မိနေခဲ့ခြင်းဖြစ်သည်။ ယင်းတို့အနက် လူ ၄၈ ဦးကို ရဟတ်ယာဉ်ဖြင့် လည်းကောင်း၊ အခြား ၃၀ ကို ပြေးဆွဲနေသော ကေဘယ်ကားများဖြင့် မြေပြင်နှင့်အနီးဆုံးသို့ ပို့ဆောင်ပြီး ကယ်ဆယ်ရေးများ၏ အကူအညီဖြင့်လည်းကောင်း ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ သို့သော် ညအမှောင်ကျလာပြီး ရာသီဥတု ဆိုးရွားလာခြင်းကြောင့် ကယ်ဆယ်ရေးကို ဆိုင်းငံ့ခဲ့ရာ အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ခရီးသွား ၃၃ ဦးသည် ယင်းညတစ်ညလုံး ကေဘယ်ကားထဲ၌ အချိန်ကုန်ဆုံးခဲ့ရသည်။“ကျွန်တော်တို့တွေ သူတို့တွေကို တစ်ညလုံး ဆက်သွယ်ပါတယ်။ သူတို့တွေက အေးတယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ ကျန်းမာရေး အရေးပေါ် အခြေအနေဖြစ်တဲ့ပုံ မပေါက်ပါဘူး”ဟု ကယ်ဆယ်ရေးလုပ်ငန်းကို စက်တင်ဘာ ၉ ရက်အစောပိုင်းတွင် ပြန်လည်စတင်စဉ် ဒေသဆိုင်ရာရဲချုပ် Stephane Bozon က ပြောကြားခဲ့သည်။ ရဟတ်ယာဉ်မှူးများ၊ ကယ်ဆယ်ရေးများနှင့် ကေဘယ်ကားထဲတွင် ပိတ်မိနေသူများ၏ ဘေးကင်းမှု ကို အာမ,မခံနိုင်သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ည ၈ နာရီ ၄၅ မိနစ်တွင် ရပ်ဆိုင်းခဲ့ရကြောင်း Haute-Savoie  ဒေသမှ စီရင်စုနယ် အုပ်ချုပ်ရေးမှူး Georges Francois Leclerc က ပြောကြားခဲ့သည်။စက်တင်ဘာ ၈ ရက်ညတွင် ပြင်သစ်သုံးဦးနှင့် အီတလီရဲနှစ်ဦး ပါဝင်သော ကယ်ဆယ်ရေးအဖွဲ့ဝင် ငါးဦးပါအဖွဲ့တစ်ဖွဲ့သည် ပိတ်မိနေသော ခရီးသွားများထံ ရောက်ရှိရန် ကြိုးပမ်းခဲ့ကြပြီး ၎င်းတို့အနက်တစ်ဦးသည် အသက် ၁၀ နှစ်အရွယ်ကလေးရှိနေသော ကေဘယ်ကားထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။ သို့သော် ပိတ်မိနေသူများသည် ကေဘယ်ကားထဲတွင် အရေးပေါ်စောင်များ၊ မီးချောင်းများနှင့် ရေပုလင်းများကို ရရှိနေဆဲဖြစ်သည်။ယင်းကေဘယ်ကားများသည် ပြင်သစ်ဘက်ခြမ်းရှိ Aiguille du Midi တောင်နှင့် အီတလီနယ်စပ်ရှိ Pointe Helbronner  တောင်ကို ဖြတ်သန်းသွားခြင်းဖြစ်သည်။ ကေဘယ်ကားတစ်စီးတွင် ခရီးသွားလေးဦးစီ လိုက်ပါနိုင်ပြီး ပြင်သစ်-အီတလီ နယ်စပ်တစ်လျှောက် ခွလျက်တည်ရှိသော Mont Blanc ၏ မြင်ကွင်းကျယ်ကို ခံစားနိုင်မည်ဖြစ်သည်။ ပြီးခဲ့သောငါးနှစ်ခန့်ကလည်း အဲလ်ပ်တောင်တန်း အရှေ့တောင်ဘက်၌ Grande-Motte ကေဘယ်ကားသည် ခုနစ်နာရီနီးပါးကြာ သောင်တင်နေခဲ့ရာ လူ ၄၀ နီးပါး ပိတ်မိခဲ့ကြောင်း သိရသည်။

Most Read

Most Recent