တရုတ်က ခြစားမှုတိုက်ဖျက်ရေး ဆန္ဒပြအဖွဲ့ခေါင်းဆောင်ကို လာဘ်စားမှုဖြင့် ထောင်ဒဏ်ချမှတ်

တရုတ်က ခြစားမှုတိုက်ဖျက်ရေး ဆန္ဒပြအဖွဲ့ခေါင်းဆောင်ကို လာဘ်စားမှုဖြင့် ထောင်ဒဏ်ချမှတ်
Published 9 September 2016
Ref: AFP

ခြစားမှုတိုက်ဖျက်ရေး၏ အမှတ်သင်္ကေတဖြစ်လာသော တရုတ်နိုင်ငံ ရွာတစ်ရွာမှ ဆန္ဒပြခေါင်းဆောင်ကို စက်တင်ဘာ ၈ ရက်တွင် လာဘ်စားမှုဖြင့် ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။ကမ္ဘာက အာရုံစိုက်မိစေသည့် ၂၀၁၁ ခုနှစ် လူထုဆန္ဒပြပွဲအတွင်း ဒေသခံများက ဒေသခံအုပ်ချုပ်ရေး အရာရှိများကို ဖြုတ်ချခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ ရှားရှားပါးပါး ပွင့်လင်းသည့် ဆန္ဒခံယူပွဲအတွင်း ဝူကန်ရွာတွင် ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံရသော လင်ကျုလျန်အား ခြစားမှုဖြင့် တရားစွဲဆိုခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ပြောကြားခဲ့သည်။အသက် ၇၀ အရွယ်ရှိ လင်ကျုလျန်က အနီးအနားရှိ ဖိုရှန်မြို့တွင် ပြုလုပ်သည့် တရားခွင်၌ ယွမ်ငွေ ၅၉၀,၀၀၀ (အမေရိကန် ဒေါ်လာ ၉၀,၀၀၀) လာဘ်ယူခဲ့သည်ဟု ဝန်ခံခဲ့ပြီး စီရင်ချက်ကို အယူခံဝင်မည် မဟုတ်ကြောင်း ကတိပြုပြောကြားခဲ့သည်။လင်ကျုလျန်ကို ဇွန်လအတွင်းက ဖမ်းဆီးခဲ့ပြီး သူ့အား အမှုစစ်ဆေးစဉ်အတွင်း လာဘ်ယူမိကြောင်း ဝန်ခံထားသည့် ဗီဒီယိုဖိုင်ကို နိုင်ငံပိုင်ရုပ်သံမှ ထုတ်လွှင့်ပြသခဲ့ပြီးနောက် သူ့အား တရားစွဲဆိုသူများက ပြန်လွှတ်ပေးခဲ့သည်။“ကျွန်တော် ဥပဒေကို နားမလည်တာကြောင့် ပြည်သူတွေရဲ့ ဘဝနေထိုင်မှုတွေနဲ့ ပတ်သက်တဲ့ စီမံချက်များစွာနဲ့ အချို့သော ဝယ်ယူမှုတွေမှာ ကျွန်တော် လာဘ်ငွေတွေ အများကြီးယူမိပါတယ်” ဟု လင်၏ ပြောစကားကို နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။လင်ကို ဖမ်းဆီးခဲ့ပြီးနောက် ဒါဇင်နှင့်ချီသော ဝူကန်ရွာသားများသည် လုံခြုံရေးအရာရှိများ စီတန်းပိတ်ဆို့ထားသည့်ရှေ့သို့ ချီတတ်ပြီး အနီရောင်အလံများ ဝှေ့ရမ်းကာ လင်၏ အပြစ်မရှိမှုအတွက် ဆန္ဒပြနေကြပုံကို အွန်လိုင်းတွင် တင်သည့် ဗီဒီယိုပြကွက်များထဲ၌ တွေ့မြင်ရသည်။ဒေသခံ အာဏာပိုင်များက ဆန္ဒပြမှုများကို ရပ်တန့်ရန် ရွာသားများအား သတိပေးခဲ့ကြောင်း ဆောက်ချိုင်းနားမောနင်းပို့စ် သတင်းစာက ဖော်ပြခဲ့သည်။အဆိုပါ သတင်းစာက ဖိုရှန်မြို့ရှိ တရားရုံးအပြင်ဘက်တွင် လုံခြုံရေး အလွန်တင်းကျပ်စွာ ချထားပြီး ယူနီဖောင်း ဝတ်ဆင်ထားသည့် အရာရှိများသည် တစ်ကီလိုမီတာ ပတ်လည်အတွင်း ကင်းလှည့်လျက်ရှိကြောင်းလည်း ဖော်ပြခဲ့သည်။ကွမ်တုံပြည်နည် တောင်ပိုင်းရှိ လူ ပေါင်း ၁၃,၀၀၀ နေထိုင်သော တံငါရွာ၌ နေထိုင်သူများသည် ၂၀၁၁ ခုနှစ်က ၎င်းတို့၏ အဆိုအရ တရားမဝင် မြေယာသိမ်းဆည်းမှုအား ဆန့်ကျင်ကာ စတင်ဆန္ဒပြခဲ့ကြပြီး ယင်းကို တရုတ်နိုင်ငံ၏ လူမှုရေးမတည်ငြိမ်မှုများထဲမှ တစ်ခုအဖြစ် ရှုမြင်ကြသည်။ တရုတ်နိုင်ငံတွင် နှစ်စဉ် ယင်းကဲ့သို့သော ဖြစ်ရပ်မျိုး သောင်းနှင့်ချီလျက် ဖြစ်ပွားလျက်ရှိသည်။သို့သော် ဆန္ဒြုပခေါင်းဆောင်တစ်ဦး ရဲအချုပ်ခန်းအတွင်း သေဆုံးသွားသည့်အခါ ရွာသားများသည် ၎င်းတို့၏ ဆန္ဒပြမှုကို တစ်ဆင့်မြှင့်လိုက်ပြီး ဝူကန်ရွာသို့ ဦးတည်လာသည့် လမ်းများကို ပိတ်ဆို့လိုက်ကြသည်။ ယင်းက လုံခြုံရေးတပ်များကို သီတင်းတစ်ပတ်ကျော် ကြာအောင် တားဆီးထားနိုင်ခဲ့သည်။ 

Most Read

Most Recent